ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရပ်ကွက် ၂ ဧရိယာ အတွင်း စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ ဝန်းကိင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ဗုံးကြဲသွားတာက ရပ်ကွက် ၂ ဧရိယာ ဆိုပေမယ့် မြို့စွန်ဘက်ပါ။ လူနေအိမ်မရှိတဲ့ နမ့်တုံနဲ့ ရန်ကင်းကြား နမ့်တုံကွက်သစ် စက်မှု လယ်ယာကုန်းမှာပါ”
လို့ ဒေသခံ အမျိုးသား တစ်ဦးကပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲကျော်ခန့်က ဂျက်ဖိုက်တာနဲ့ လာရောက် ကြဲချသွားတာလို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ မြေပြင် စစ်ကြောင်းတွေက ဒရုန်း လေကြောင်းတွေနဲ့ လမ်းရှင်း တိုးလာတဲ့ ပုံစံ ဖြစ်နေပြီး ဂုတ်တွင်းဘက်ခြမ်း ပြည်ထောင်စုလမ်းမပေါ် နားအိုက်ခန့်ထိ ရောက်ရှိလာကာ မြို့ထဲမေရာက်ခင်မှာတော့ လမ်းမဘေး သုံးရွာ နဲ့ အတွင်းပိုင်းဝင်ရတဲ့ရွာ နှစ်ရွာမှာ TNLA ပူးပေါင်း တပ်ဖွဲ့ ရဲ့ ခံတပ် ရှိသေးတယ်လို့ ဆိုပါတယ်။
“လေယာဉ်နဲ့ ဗုံးကြဲလိုက်တော့ ပြည်သူ တွေပဲ ထိခိုက် ဆုံးရှုံးရတယ်။ ဘယ်လက်နက်ကိုင် အဖွဲ့ အစည်းကမှ ပြန်ဆောက်ပေးမှာ မဟုတ်ဘူး”
လို့ ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။ နှစ်ဘက် ထိတွေ့တိုက်ပွဲက နားအိုက်ခန့် အရှေ့ဘက် ဆက်ပြင်းထန်နေပြီး စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက လွယ်အံရွာရှိ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ထိမှန်ပျက်ဆီးတာတွေ သိရတယ်လို့ သူက ပြောပါတယ်။
ကျောက်မဲမြို့ပေါ် အပါအဝင် ရွာဘက်တွေမှာ အိမ်စောင့် လူတွေမရှိတဲ့ စစ်ဘေးရှောင်နေအိမ်တချို့ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် လူမှုကွက်ယက်တွေမှာလည်း ငြိမ်းချမ်းရေးကုန်းမှာ လေကြောင်း ဗုံးကြဲခဲ့ကြောင်း ဝါဒဖြန့်ထားပါတယ်။
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ ကျောက်မဲမြို့၊ ရပ်ကွက် ၂ မှာ စက်တင်ဘာ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ ခွဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ လွယ်ခေါ်ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၃ လုံးနဲ့ ဒရုန်းဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Photo Crd-PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန
#BBM#News#UpdateNews#Kyaukme#JuntaAirstrike#Junta