မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ မိတ္ထီလာခရိုင် သဲပုံ ရင်ဇင် သဲကုန်း အုပ်စုမှ အုပ်ချုပ်ရေးမှူးလို့ ဘယ်သူမှ မတင်မြောက်ထားဘဲ စစ်တပ်နဲ့ပေါင်းပြီး အုပ်ချုပ်ရေးမှူး နေရာ ရယူထားတဲ့ အောင်အောင်ဟာ လွန်ခဲ့တဲ့ ၃နှစ်က သားဖြစ်သူကိုပါ သိန်း၈၀နဲ့ စစ်ထဲထည့်ပြီး လက်ရှိမှာလည်း စစ်မှုထမ်းအတွက် တစ်အိမ် ၂သောင်းနှုန်း ခြိမ်းခြောက်ကောက်ခံနေတယ်လို့ ပြည်သူတစ်ဦးက စက်တင်ဘာလ ၂၂ရက်နေ့က BBMကိုပြောပါတယ်။
“သူက ဘယ်လောက်ထိ အာဏာရူးလည်းဆိုရင် သူ အာဏာရရှိဖို့အတွက် သူ့သား အရင်းကို စစ်တပ်ထဲပို့ပြီး စစ်တိုက်ခိုင်းတယ်။ စစ်တပ်ကို ဖားတာပေါ့။ ပြီးတော့ စစ်တပ်ဆီက သေနတ်တို ရအောင် ဖန်တီးပြီးတော့ ရွာမှာ သောင်းကျန်းနေပါတယ်။ လစဥ် ၁အိမ်ကို ကျပ်၂သောင်း သေနတ်ပြပြီး တောင်းပါတယ်။ နောက်ပြီး ပြောနေကျ စကားကတော့ ငါ ဒီလိုလုပ်ချင်လို့ ဒီလိုအာဏာရအောင် လုပ်တာ”
လို့ အဆိုပါ ပြည်သူက ပြောပါတယ်။ အုပ်ချုပ်ရေးမှူး အောင်အောင်ရဲ့ သားဖြစ်သူ နေ၀င်းထွန်းဟာ လက်ရှိမှာ တောင်ကြီးဘက်မှာ စစ်ကောင်စီအတွက် စစ်တိုက်ပေးနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“တပ်ထဲလိုက်သွားတဲ့ သူ့သားနာမည်က နေ၀င်းထွန်းပါ။ ၂၀၂၂ကတည်းက စစ်လိုက်သွားတာ။ တောင်ကြီးဘက်မှာ တိုက်နေတယ်ကြားတယ်။အခုဆို ၃နှစ်ကျော်ပြီပေါ့”
လို့ သူက ဆက်ပြောပါတယ်။ အရင် သဲပုံရွာ အုပ်ချုပ်ရေးမှူးဟောင်း စိန်လွင်ဆိုသူက သူ့အမျိုးတွေ အခုလိုစစ်တပ်နဲ့ပေါင်းတာကို မကြိုက်လို့ အုပ်ချုပ်ရေးမှူးရာထူးကနေ နားခဲ့ပေမဲ့ လက်ရှိမှာ တော်လှန်ရေးသတင်းတွေကို စစ်တပ်ကို အကြောင်းကြား ဒလန်လုပ်နေသေးတယ်လို့လည်းသိရပါတယ်။
“သူ့အရင် စစ်တပ်နဲ့ ပေါင်းနေတဲ့ အုပ်ချုပ်ရေးမှူးက သဲပုံက ဦးစိန်လွင်ပါ။ သူကတော့ ရွာလူတွေထက် သူ့အမျိုးတွေ မုန်းတာမခံနိုင်လို့ မလုပ်တော့ဘူးဆိုပေမဲ့ ရွာထဲမှာ ဘယ်သူက PDFဘယ်သူက PDF သတင်းပေးလုပ်တယ်ဆိုတာ တိတ်တဆိတ် စစ်တပ်ကို သတင်းပေးလုပ်နေပါတယ်”
လို့ ဆိုပါတယ်။ လက်ရှိ အုပ်ချုပ်ရေးမှူးအောင်အောင်ဟာ လူငယ်တွေကို စစ်တပ်ထဲ၀င်ဖို့ စည်းရုံးနေပြီး သူ့သားနဲ့ အတူ နီးစပ်တဲ့အသိုင်းအဝိုင်းက လူငယ်တစ်ယောက်လည်း သိန်း၈၀နဲ့ စစ်ထဲလိုက်သွားတယ်လို့ သိရပါတယ်။
“အောင်အောင် သားနဲ့ တပါးထည်း အတူတူ ထည့်လိုက်တာပါ။ အောင်အောင် ကိုယ်တိုင် သာစည်မြို့ စစ်တပ်ကို လိုက်ပို့လိုက်တာပါဗျ”
လို့ သူကဆက်ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံနဲ့အဝှမ်း စစ်မျက်နှာတွေဖွင့်ထားရပြီး သူတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ တပ်သားတွေကို ရရှိအောင် မတရားစစ်မှုထမ်းခေါ်ဆောင်နေတာ အပတ်စဉ်၁၇ထိ ရောက်ရှိလာပြီဖြစ်ကာပေါ်တာဆွဲ ဖမ်းတီးမှုတွေလည်း အရှိန်မြှင့်လုပ်ဆောင်လာနေတာပဲဖြစ်ပါတယ်။
ပုံ-ဒေသခံ