ရဲ ၄ ဦးသေဆုံးပြီးတော့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဗားတုံးစက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ Pakokku Special Task Force အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အာရုံချိန် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း (၁) ပကဖ က ရဲဘော်ဒီး ဦးဆောင်တဲ့ ရဲဘော်( ၇) ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
” ၁၂ ဝန်းကျင်လောက်ကတည်းက ရဲဘော်တွေဟာ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာတွေကို အနီးကပ် ကပ်ထားပြီးမှ ၁ ခွဲအချိန်လောက်မှာ လျှပ်တပြတ်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကတော့ ပြန်လည်ပစ်ခတ်နိုင်မှုတွေ မရှိခဲ့ပါဘူး။ ပစ်ခတ်မှုကြာချိန်ကတော့ ၅ မိနစ်ကနေ ၁၀ မိနစ် ဝန်းကျင်လောက်ပဲ ရှိပါတယ်ဗျ။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီးတော့ သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့ပါတယ် ”
လို့ Pakokku Special Task Force အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက BBM ကို ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ရဲ ၄ ဦးသေဆုံးကာ G3 တစ်လက်၊ 7.62mm ကျည်သုံးကာဘိုင်တစ်လက်၊ AK တစ်လက်နဲ့ ကျည် ၅၀ ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း (၁) ပကဖ က ရဲဘော်တွေဟာ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာ အတုယောင်ရွေးကောက်ပွဲကို ပြုလုပ်ဖို့ပြင်ဆင်နေပြီး ပခုက္ကူမြို့နယ်မှာလည်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ မြို့တွင်းမစ်ရှင်စစ်ဆင်ရေးကို ကြိုးစားဖော်ဆောင်ရတာဖြစ်တယ်လို့လည်း Pakokku Special Task Force အဖွဲ့က ထုတ်ပြန် ပြောဆိုထားပါတယ်။
မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ စိတ်တိုင်းကျပြုလုပ်မဲ့ အတုယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာ မပြုလုပ်ကြဖို့ Pakokku Special Task Force အဖွဲ့ က အထူးမေတ္တာရပ်ခံထားပါတယ်။