မလှိုင်ကလာတဲ့ စကစ စစ်ကြောင်းတစ်ခုကလည်း တောင်သာ၊ ရုံးစည်ကြီးရွာမှ အမျိုးသမီး(၁၂)ယောက်ကို မုဒိန်းကျင့်သွား
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူအမျိုးသမီးတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲများက စစ်မေးစရာရှိတယ်ဟုဆိုကာ ဖမ်းဆီးပြီးနောက် အဓမ္မ မုဒိန်းကျင့်မှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ရက်နေ့ ညနေမှာ မင်းကန်ရွာမှ ရေခပ်ဆင်းဖို့လာတဲ့ အသက်(၂၀)အရွယ် ရွာခံပြည်သူအမျိုးသမီးတစ်ဦးကို မင်းကန်ရွာ ဘိုးဘွားဂိတ်အနီးရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့်နေတဲ့ ရဲများက ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသမီးကို ဖမ်းဆီးစဥ်က စစ်မေးရန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ၇ရက်နေ့မှာတင် အဓမ္မပြုကျင့်ခဲ့ပြီး ၈ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲတပ်သားတွေရဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး ဒေသခံပြည်သူတွေက တောင်သာမြို့ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပေမဲ့လည်း အရေးယူခြင်းမရှိဘဲ ကျူးလွန်သူအဆိုပါရဲတပ်ဖွဲ့ဝင်တွေကလည်း အဆိုပါဂိတ်စခန်းမှာတင် လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေတယ်လို့ တောင်သာမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။
“ညနေခင်း ကောင်မလေးက ရေသွားခပ်တာ၊ အဲ့တာ ပတ်ကင်းနဲ့တွေ့တော့ စစ်မေးစရာရှိတယ်ဆိုပြီး စခန်းခေါ်သွားပြီး အဓမ္မပြုကျင့်တာပါ၊ အဲ့ဖြစ်စဥ်ကို တောင်သာရဲစခန်းဘက် တိုင်ထားတယ်ဆိုပေမဲ့ လက်ရှိအချိန်ထိတော့ ဘာမှအရေးယူတာမရှိသေးဘူး၊ သူတို့က ဒီတိုင်းပါပဲ”
ဒါ့အပြင် အဆိုပါတရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မကြာခဏ အနီးအနားကျေးရွာဘက်ကို ကင်းပတ်တက်ပြီး လုံခြုံရေးအကြောင်းပြကာ ဒေသခံပြည်သူတွေကိုလည်း ဖမ်းဆီးစစ်မေးမှုတွေ ပြုလုပ်တက်တယ်လို့လည်း သိရပါတယ်။
ဒါတင်မက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်နေ့ကလည်း မလှိုင်မြို့မှ အခြေပြုကာ မြင်းခြံ၊တောင်သာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကလည်း တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမှ ပြည်သူအမျိုးသမီး၁၂ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီး၊ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်းအင်အား၃၀၀ခန့်ပါဝင်တဲ့ စကစ ပူးပေါင်းစစ်ကြောင်းဟာ မလှိုင်မှတဆင့် တောင်သာမြို့နယ်ကိုဝင်ရောက်လာပြီးနောက် အဆိုပါစစ်ကြောင်းထဲမှ အင်အားတစ်ချို့ခွဲထွက်ပြီး ရုံးစည်ကြီးရဲစခန်းအတွင်း အခြေပြုတပ်စွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို အခြေပြုတပ်စွဲနေစဥ်အတွင်းရုံးစည်ကြီးကျေးရွာမှ ပြည်သူအမျိုးသမီး၁၂ယောက်ခန့်ကို ၎င်းတို့စစ်ကြောင်းမပြန်မချင်း နေ့စဥ်အဓမ္မပြုကျင့်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း တောင်သာပကဖ မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
“ရုံးစည်ကြီးက အင်အား၃၀၀လောက်နဲ့ မလှိုင်ကနေ ဝင်လာတာလေ၊ စစ်ကြောင်းထိုးလာတာပေါ့၊ အဲ့စစ်ကြောင်းက စစ်ကြောင်းခွဲတစ်ခုက ရုံစည်ကြီးကိုလာပြီး ရဲစခန်းက နဂိုရှိပြီးသားအင်အားတွေနဲ့လာပေါင်းတာရှိတယ်၊ အဲ့တုန်းကလည်း သူတို့မပြန်မချင်း ရွာခံအမျိုးသမီး၁၂ယောက်လောက်ကို မုဒိန်းကျင့်တာတွေလုပ်တယ်”
စစ်ကောင်စီအနေနဲ့ မြင်းခြံ၊နွားထိုးကြီး၊တောင်သာဒေသတွေကို စစ်ကြောင်းထိုးရာမှာ ၎င်းလက်အောက်ခံတပ်ဖွဲ့ဝင်တွေသာမက ပျူစောထီးတပ်ဖွဲ့ဝင်တွေပါ ပါဝင်စစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ၊ သတ်ဖြတ်တာတွေနဲ့ လိင်အကြမ်းဖက်တာတွေကို မကြာခဏပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။