မြဝတီ၂၇၅နဲ့ မြို့ပေါ်ရှိBGF စခန်းတို့မှ လေးကေကော်လမ်းပိုင်းကို ၃ရက်ဆက်တိုက် လက်နက်ကြီးဖြင့်မနားတမ်းပစ်ကူပေးနေ
ကရင်ပြည်နယ် လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီး ၎င်းတို့လက်အောက်ခံ ဆိုရှယ်မီဒီယာတချို့မှာ ပြောဆိုရေးသားမှုတွေရှိနေပေမဲ့လည်း လက်ရှိအချိန်ထိ မြေပြင်တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုများပြားနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဒုတိယအပတ်အတွင်း စစ်ကောင်စီမှ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ သင်္ကန်းညီနောင်အပါအဝင် အာရှလမ်းတစ်ကြောကို စစ်အင်အားအများအပြားသုံးကာ ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် လေးကေကော်မြို့ကိုပါ ဆက်လက်ထိုးစစ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။
လေးကေကော်ကို ထိုးစစ်ဆင်လာတဲ့အဆိုပါစစ်ကြောင်းအတွင်း စစ်မှုထမ်းသစ်တပ်သားတွေလည်း အများအပြားပါဝင်သလို လေကြောင်းမှ ဗုံးကျဲတာတွေ၊ မြဝတီမြို့မှ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ကူပေးနေတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်မှလည်း စစ်ကောင်စီရဲ့ အဆိုပါထိုးစစ်ကိုပြန်လည် တိုက်ခိုက်နေပြီး မြေပြင်မှာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေများပြားနေတယ်လို့ သိရပါတယ်။
“(လေးကေကော်ကို) ထိုးနေတာတော့ဟုတ်တယ်နော်၊ ဒါပေမဲ့ သူတို့ပြန်ရသွားပြီဆိုတာ မဟုတ်ဘူးနော်၊ ဒီကောင်တွေ အပုံလိုက်၊ အပုံလိုက်ဖြစ်နေပြီနော်၊ ကျွန်တော်တို့ ဒရုန်းတွေနဲ့ဆော်တာ အပုံလိုက်ဖြစ်နေပြီနော်”
ဟု မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်မှ BBM ကိုပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီအနေနဲ့ လေးကေကော်မြို့သစ်ကို စစ်ကြောင်းစမထိုးမှီကတည်းက လေးကေကော်လမ်းဆုံ နေရာကို လက်နက်ကြီးဖြင့် တောက်လျှောက်ပစ်ခတ်တာတွေပြုလုပ်တယ်လို့ သိရပါတယ်။
အထူးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားရာ မြဝတီ မြို့စောင့်တပ် ခလရ(၂၇၅)နဲ့ ၊ မြဝတီမြို့တွင်းရှိ BGFတပ်စခန်းတို့မှ နေ့ည မပျက် တောက်လျှောက် လက်နက်ကြီးပစ်ကူပေးနေတယ်လို့လည်း မြဝတီဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။
” လေးကေကော်က မရသေးပါဘူး၊ ခုထိလည်းလက်နက်ကြီးပစ်နေတာတောက်လျှောက်ပဲ၊ သူတို့ဘက်ကတင်သလိုရသွားပြီဆို ဘာလို့လက်နက်ကြီးပစ်နေမှာလဲ၊ ခုက ၂၇၅ထဲကကော၊ BGFတပ်ထဲကကောပစ်နေတာ”
တိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လေးကေကော်အပါအဝင် အနီးရှိ ကျောက်ခက်၊ မင်းလက်ပံတို့မှ ဒေသခံပြည်သူအချို့လည်း စစ်ရှောင်မှုအချို့ စတင်ပြုလုပ်လာနေပြီလို့ သိရပါတယ်။