ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဂြစ်ချောင်းကျေးရွာမှာနေထိုင်တဲ့ မြိုလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားတယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။
ခြေထောက်ဆုံးရှုံးလိုက်ရတဲ့ မြိုလူငယ်ဟာ မောင်တောမြို့နယ်၊ ဂြစ်ချောင်းကျေးရွာက အဖေ ဦးမဲထွန်း၊ အမေ ဒေါ်တုန်ပိုင်တို့ရဲ့သား အသက် ၂၁ အရွယ် ကိုရွှီဘ ဖြစ်ပါတယ်။
မနေ့က စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်လောက်မှာ ကိုရွှီဘဟာ တရွာတည်းနေ သူငယ်ချင်းတွေဖြစ်ကြတဲ့ ကိုကန်ပြည့်၊ ကိုအောင်နိုင်တို့နဲ့အတူ ပဲရွန်းတောင်ကိုသွားတဲ့အချိန်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတစ်လုံးကို တက်နင်းမိခဲ့တာလည်း ဖြစ်ပါတယ်။
“တောင်ယာကို သွားတဲ့အချိန်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်း တက်နင်းမိတော့ ညာဖက်ခြေထောက် တစ်ဖက်ဆုံးရှုံးလိုက်ရပါတယ်။ သူက အိမ်ထောင်ကျတာ မကြာသေးပါဘူး။ အခုမြေမြှုပ်မိုင်းနင်းမိတော့ မိသားစုကို ဘယ်လိုရှာကျွေးရမလဲ မပြောတတ်တော့ပါဘူး ”
လို့ မောင်တောမြို့နယ်၊ မြိုလူငယ်တစ်ဦးက ပြောပါတယ်။ အဆိုပါ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာကြောင့် ကိုရွှီဘရဲ့ ညာဖက်ခြေထောက် ပြတ်ထွက်သွားခဲ့ရပြီးတော့ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းနှစ်ဦးမှာတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ညာဖက်ခြေထောက်ဆုံးရှုံးလိုက်ရတဲ့ ကိုရွှီဘ ကို လက်ရှိမှာတော့ အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ပဲရွန်းတောင်ဟာ အရင်က စစ်ကောင်စီတပ်ရဲ့ ခမရ (၅၃၂) တပ်ရင်းက စစ်ကောင်စီတပ်သားတွေ တပ်စွဲအထိုင်ချခဲ့ကြတဲ့ နေရာဖြစ်ပြီး အခုနောက်ပိုင်း ကာလတွေမှာ အဆိုပါနေရာအနီးတဝိုက်ကို အစ္စလာမ်မစ် စစ်သွေးကြွအကြမ်းဖက် မူဆလင်လက်ကိုင်အဖွဲ့တွေက ခိုးဝင်ရောက်နေထိုင်မှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ မူဆလင်လက်ကိုင် အကြမ်းဖက်အဖွဲ့တွေဟာ မောင်တောဒေသက မေယုတောင်တန်းနဲ့ နေရာတစ်ချို့ကို စိမ့်ဝင်လှုပ်ရှားကာ အရပ်သားပြည်သူတွေ သွားလာလှုပ်ရှားနေကြတဲ့ နေရာတွေကို မြေမြှုပ်မိုင်းထောင်တာတွေ ပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA ကလည်း ရခိုင်ပြည်အတွင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ရှင်းလင်းရေးလုပ်ဆောင်နေသလို တစ်ဖက်မှာလည်း မိုင်းအသိပညာပေးဟောပြောတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်တွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။
ပုံ-ဒေသခံပြည်သူတစ်ဦး
#BBM#News#UpdateNews#Rakhine#Junta#Mine