တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အရှေ့ဖက်မှာရှိတဲ့ သစ်ပုတ်တောင်ရေတပ်စခန်း (ဓညဝတီရေတပ်ဌာနချုပ်)အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေစွာ ဖြစ်ပွားနေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ဓညဝတီရေတပ်ဌာနချုပ်အနီး အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ပျားတဲ၊ ဦးကင်း၊ စိုင်းခြုံ၊ သဖန်းခါးကျေးရွာဖက်တွေကို အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ထိုးစစ်ဆင်လာခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း ပျားတဲကျေးရွာအနီးကို ရောက်တဲ့အချိန်မှာ အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ခန့်မှန်း ၄၀ ကျော်သေဆုံးခဲ့ပြီးတော့ ဒဏ်ရာရရှိတဲ့သူတွေအပါအဝင် ကျန်တဲ့စစ်ကောင်စီတပ်သားတွေဟာ တပ်လန့်ကာထွက်ပြေးသွားကြတယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။
“ကျောက်ဖြူစစ်မြေပြင်မှာတော့ သူထိုးစစ်ဆင်၊ ကိုယ်ထိုးစစ်ဆင်သလိုမျိုး ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သေဆုံးတာက ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တစ်ချို့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ လက်နက်ခဲယမ်းတစ်ချို့ကိုလည်း AA က သိမ်းဆည်းရမိခဲ့တာ ရှိပါတယ် ”
လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် ကြည်း၊ လေ၊ ရေ၊ ဒရုန်းတွေအပါအဝင် ပြည်သူ့စစ်မှုထမ်း(ပစ) တွေကိုလည်း ထောင်နဲချီပို့ဆောင်ကာ စစ်အင်အားတွေ ပြန်လည်ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့ရှိ သစ်ပုတ်တောင်ရေတပ်စခန်း (ဓညဝတီရေတပ်ဌာနချုပ်)ကို စစ်ကောင်စီတပ်က ရေကြောင်းကနေ စစ်သင်္ဘော ၃ စီးနဲ့ အင်အား ဖြည့်တင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အလားတူ မြို့ပေါ်ရှိ ခလရ ၃၄ တပ်ရင်းနဲ့ ဂုံးချိန်တိုက်နယ်ရှိ ခမရ ၅၄၂၊ ၅၄၃ တပ်ရင်းတွေမှာလည်း စစ်ကောင်စီတပ်က စစ်အင်အားတွေဖြည့်ဆောင်ကာ အာရက္ခတပ်တော် AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
“စစ်ကောင်စီတပ်တွေကတော့ ကျောက်ဖြူမြို့နယ်ကို စစ်အင်အားတွေ ဖြည့်မလောက်ပါပဲ။ စစ်သင်္ဘောတွေနဲ့ ဖြည့်လာတာများပါတယ်။ သူတို့ကတော့ AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ သုံးနေရာကို ပြန်ပြီးတော့ ထိုးစစ်ဆင်လာတာပေါ့။ အဲဒီလို ထိုးစစ်ဆင်လာတော့ ကျဆုံးမှုတွေက ပိုများတာဖြစ်ပါတယ်။ လက်နက်ကြီးတွေကတော့ တပ်ရင်းတွေ၊ စစ်သင်္ဘောတွေက ပစ်ခတ်တာပိုများပါတယ် ”
လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နဲ့ မလကျွန်းကျေးရွာအနီးရှိ ကာကင်းစခန်းတွေကို စစ်မျက်နှာ သုံးခုဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အဆိုပါနေရာတွေကို စစ်ကောင်စီတပ်က ပြန်လည်ခုခံဖို့အတွက် စစ်အင်အားတွေ ဖြည့်တင်းနေတာဖြစ်ပြီး အာရက္ခတပ်တော် AA သိမ်းထားတဲ့ ကာကင်းစခန်းတစ်ချို့ကိုလည်း ပြန်လည်သိမ်းပိုက်ဖို့အတွက် တရုတ်ထုတ် နည်းပညာမြင့်ဒရုန်းတွေကို အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီးရှိ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နှမ်းဖဲတောင်၊ မင်းတက်တောင်ကာကင်းစခန်းတွေကို ထိုးစစ်ဆင်လာတာကြောင့် AA နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားကာ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါတိုက်ပွဲတွေအတွင်း ဒဏ်ရာရရှိတဲ့သူတွေကို ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်ရင်းနဲ့ ကျောက်ဖြူမြို့ပေါ်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူဆေးရုံကြီးကို ဆေးကုသဖို့အတွက် ပို့ဆောင်နေရတာဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုခံယူဖို့အတွက် နေရာမလုံလောက်တာကြောင့် စစ်တွေနဲ့ ရန်ကုန်ဆေးရုံတွေကိုလည်း ထပ်မံပို့ဆောင်နေရတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကျောက်ဖြူမြို့နယ်က ကျေးရွာတွေ အကုန်လုံးနီးပါးကိုလည်း ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အား ကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။