ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂေါ်တူကျေးရွာကနေ ချောင်းဝကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေမှာ ကျောက်ဖြူမြို့နယ်၊ ဂေါ်တူကျေးရွာက ဦးသိန်းကျော်အောင် (၅၇ နှစ်)၊ ဒေါ်မခိုင်ဦး (၄၀ နှစ်)နဲ့ ဒေါ်တင်တင်ဆန်း (၃၂ နှစ်) တို့ဖြစ်ကြပါတယ်။
သူတို့သုံးဦးဟာ မနေ့က စက်တင်ဘာလ ၂၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ချောင်းဝကျေးရွာကနေ ဂေါ်တူကျေးရွာကို ဓာတ်မြေသြဇာယူဆောင်ဖို့နဲ့ ဟင်းသီးဟင်းရွက်တွေ ခူးခွတ်ဖို့သွားတဲ့အချိန်မှာ စစ်ကောင်စီတပ်နဲ့ထိပ်တိုက်တွေ့ကာ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။
“အဲဒီစစ်ဘေးရှောင်သုံးဦးကတော့ ဂေါ်တူကျေးရွာကနေ ချောင်းဝကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေကြတာပါ။ ဂေါ်တူကျေးရွာအနီးတွေမှာ တိုက်ပွဲဖြစ်တာတွေရှိတော့ ရွာသားတွေက စစ်ဘေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ အခုက သူတို့မှာ ဟင်းသီးဟင်း ရွက်တွေ စိုက်ပျိုးအတွက် ရွာမှာကျန်ခဲ့တဲ့ မြေဆီမြေသြဇာတွေကို ယူဆောင်ဖို့သွားစဥ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တွေ့တော့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်”
လို့ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက BBM ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့သုံးဦးကို ဂေါ်တူကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဝါးတောကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကြံချိုင်ကျေးရွာက ဒေသခံ ၂ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့ စစ်မျက်နှာပြင်မှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ယမ်းသန်းပစ်ခတ်နေတာတွေအပြင် အပြစ်မဲ့အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးတာတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့လည်း ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။