အရပ်သားပြည်သူ ၁၂ယောက်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူတွေလည်းရှိ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ပိုင်းကို စစ်ကောင်စီက Yak-130 ဂျက်လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၂ယောက်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိကာ ပျောက်ဆုံးသူတွေလည်းရှိတယ်လို့ BBMက စုံစမ်းသိရှိရပါတယ်။
စက်တင်ဘာလ ၂၆ရက် မနက် ၁၁နာရီ ၃၈မိနစ် ခန့်က စစ်ကောင်စီရဲ့ တံတားဦး လေတပ်စခန်းက ပျံတက်လာတဲ့ Yak-130 ဂျက်ဖိုက်တာ ၁စီးဟာ တံတားဆည်မြို့အနောက်ပိုင်း ကံထူးမရွာရှိ ဇွဲထက်စားသောက်ဆိုင်နဲ့ Novel One စက်သုံးဆီဆိုင်တို့ကို ပေါင်၅၀၀ဗုံးသီး ၁လုံးနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒိတိုက်ခိုက်မှုကြောင့် သင်ကြားရေးအတတ်ပညာတက္ကသိုလ် ပညာရေးဘွဲ့ (မူလတန်းပညာရေး အထူးပြု) ဒုတိယနှစ် ပထမနှစ်ဝက်မှာ ပညာသင်ယူနေတဲ့ ‘မထက်မိုးဦး’နဲ့တကွ လမ်းသွားလမ်းလာပြည်သူတွေ၊ စက်သုံးဆီဆိုင်မှ ဝန်ထမ်းမိန်းကလေးတွေနဲ့ ပန်းရံလုပ်သားတွေ အပါအ၀င် ပြည်သူ ၁၂ယောက်သေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ပေါင်၅၀၀ ၁လုံး၊ ၂၅၀ ၂လုံးဖြစ်မယ်ဗျ။ ရေခဲမုန့်ကိတ်ရောင်းတဲ့ စားသောက်ဆိုင်ရယ် ဆီဆိုင်ရယ်ပါ”
လို့ N.A.Sက BBMကိုပြောပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အကြောင်းမဲ့သက်သက် ကြဲချတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
“ဒါ အကြောင်းမဲ့သက်သက်ကြဲချတာပါ။ ဒီ စကစ အခုကြဲချတဲ့နေရာက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နေရာပါ”
လို့ ဆက်ပြောပါတယ်။ အခုနောက်ပိုင်း စကစဘက်က လေကြောင်းကနေ ဗုံးကြဲတာမျိုး မလုပ်ဆောင်ခင် အသွင်ယူထားတဲ့ စရဖ၊ စအဖ တွေကနေ အချက်အလက်တွေရယူပြီးမှ ထိခိုက်မှု ပိုများအောင် ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
“စစ်ခွေးဘက်ကတော့ သူလျို ထောက်လှမ်းရေး သတင်းပေး အမျိုးမျိုးလွှတ်ပါတယ်။ အချိန်မရွေး သတင်းတွေကို နေရာပေါင်းစုံကနေ ရအောင်လုပ်ပါတယ်။ ကားလိုင်းဆွဲနေတဲ့ စစ်ခွေး ထလရတွေလည်း အများကြီးပါ။ စစ်ခွေး ရင်းမှူးတွေ ရေးဗိုလ်တွေဆိုရင် ကားလိုင်းထောင်ပြီး သတင်းထောက်ဖို့ လူလွှတ်ထားတယ်”
လို့ N.A.Sက ဆက်ပြောပါတယ်။ စစ်ကောင်စီကာ လက်နက်အားကိုး၊ လေကြောင်းအားကိုးနဲ့ အချိန်မရွေး နေရာမရွေး ရာသီဥတုမရွေး ပြည်သူ၊ ရဲဘော်မရွေး ရက်စက်စွာတိုက်ခိုက်နေတာကို အမြဲသတိချပ်သင့်တယ်လို့ N.A.Sက သတိပေးပြောကြားထားပါတယ်။
ပုံ-Social Media
#BBM#News#UpdateNews#Junta#Airstrike#NAS