Sunday, December 21, 2025
Home » ဗန်းမော်မှာ နေ့စဥ်တိုက်ပွဲဖြစ်ပွါးနေပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ဒရုန်းကြောင့်စစ်တပ်ဘက်မှ ဗိုလ်မှူးအပါ စကစ(၅)ဦးသေဆုံးသလို ၁၀၅မမ လက်နက်ကြီးပျက်ဆီး

ဗန်းမော်မှာ နေ့စဥ်တိုက်ပွဲဖြစ်ပွါးနေပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ဒရုန်းကြောင့်စစ်တပ်ဘက်မှ ဗိုလ်မှူးအပါ စကစ(၅)ဦးသေဆုံးသလို ၁၀၅မမ လက်နက်ကြီးပျက်ဆီး

0 15
15

🟥အထိနာသွားတဲ့ စစ်တပ်အနေဖြင့် ဂျက်ဖိုက်တာ၊ Y-12လေယာဥ်တွေဖြင့် လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်း တိုက်ပွဲများနေ့စဥ်ဖြစ်ပွါးလျက်ရှိပြီး ပြီးခဲ့တဲ့အပတ်အတွင်းမှာတင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်မှူးအပါအဝင် စကစ(၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်သတင်းမီဒီယာတွေကတဆင့် ဗန်းမော်မြို့ကို စစ်တပ်အနေဖြင့် အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဆိုပြီး ဝါဒဖြန့်မှုတွေရှိနေပေမဲ့လည်း မြို့တွင်းတိုက်ပွဲများနေ့စဥ်ဖြစ်ပွါးလျက်ရှိတယ်လို့ သိရပါတယ်။

“နေ့တိုင်း၊နေ့တိုင်း နည်းတာနဲ့များတာ နှစ်ခုပဲရှိတယ်၊ ပုံမှန်ပဲ ၊ တိုက်ပွဲက နားတဲ့ရက်လိုကိုမရှိဘူး”

ဟု ဗန်းမော်မြို့စစ်မြေပြင်မှ တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်းမှာလည်း ဗန်းမော်မြို့အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးအပါ စကစ(၅)ဦး ဒရုန်းပြင်ရန်စုဝေး နေစဥ် တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေဖြင့် စုဝေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းကင်းထောက်မှုအရင်ပြုလုပ်ခဲ့ပြီးနောက် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါဗိုလ်မှူးအပါစကစ(၅)ဦးလုံးနေရာမှာတင် သေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရှိနိုင်တဲ့နေရာတွေကို ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ ၁၀၅ မမ အမြောက်ထားရှိရာနေရာကိုလည်း အဆိုပါနေ့မှာတင် ဒရုန်းဖြင့်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် စစ်တပ်ဘက်မှ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့လည်းနောက်ထပ်မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။

” ပြီးခဲ့တဲ့အပတ်ကပဲ အသေခံဒရုန်း၊ 105mm တစ်လက်နဲ့ဗိုလ်မှူးတစ်ယောက်၊ ရဲဘော်၄ယောက် ကိုရလိုက်သေးတယ်လေ တစ်ပတ်လောက်တော့ရှိပြီ နေရာတိုင်းသူတို့အလောင်တွေပဲ၊ ဗိုလ်မှူးနဲ့၄ယောက်က ဒရုန်းပြင်တယ် ထင်တယ်၊ ဒရုန်းနားမှာ စုဝေးနေကြတာ ၊အဲ့ချိန် ချလိုက်တာ အကုန်သေပဲ”

ဒီလို မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေများပြားနေတာကြောင့် စစ်ကောင်စီအနေနဲ့ အခုရက်ပိုင်းအတွင်း မြေပြင်စစ်ကြောင်းတွေထက် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုပြုလုပ်လာနေတယ်လို့လည်း သိရပါတယ်။

အထူးသဖြင့် စစ်မြေပြင်ဒရုန်းတွေအပြင် ဂျက်ဖိုက်တာများ၊ Y-12လေယာဥ်များဖြင့် တော်လှန်ရေးအင်အားစုတွေရှိရာနေရာတွေကို လေကြောင်းဗုံးကြဲမှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့လည်း အဆိုပါရဲဘော်မှဆက်ပြောပါတယ်။

” အထိနာသွားလို့ထင်တယ်၊ လေယာဥ်ကတော့ တစ်နေကုန်လိုလိုပဲ လာကြဲနေတာ ၊ Fighter ကော Y-12 လေယာဥ်ကောပဲ၊မနက်ကနေလာတာ ခုထိ လေယာဥ်ကျဲနေတုန်းပဲ ၊တစ်စီးပြီးတစ်စီးကြဲနေတာ”

စစ်ကောင်စီအနေဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဗန်းမော်မြို့ သုံးမိုင်ဒေသအနီး ဆက်သွယ်ရေးလမ်းဖောက်ရန် စစ်ကြောင်းထိုးမှုတွေရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် (၇)ယောက်ထက်မနည်းသေဆုံးကာ ပြန်လည်ဆုတ်ခွါသွားခဲ့ရတယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post