အခြားစစ်ရှောင်တွေရှိရာ မန်ဝိန်းဒေသကိုလည်း ဗုံးကြဲတာတွေပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေမသိရှိရသေး
စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ KIA ထိန်းချုပ်ထားတဲ့ ဆဒုံးမြို့ကို လေကြောင်းမှအကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်(၂)ဦးအပါ ပြည်သူ(၁၀)ဦးခန့်သေဆုံးပြီး (၁၅)ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ၂၉ရက်နေ့ ဒီနေ့ နေ့လယ် ၂နာရီလောက်မှာ စစ်ကောင်စီအနေဖြင့် မြစ်ကြီးနားလေတပ်မှ ဆဒုံးမြို့ စျေးအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချသွားတယ်လို့သိရပါတယ်။
ဗုံးလာရောက်ကြဲချတဲ့နေရာဟာ ကျောင်းသူ၊ကျောင်းသားတွေနဲ့ လူစည်ကားရာနေရာဖြစ်တာကြောင့်ပြည်သူအများအပြားထိိခိုက်သေဆုံးရတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။
“ထိတယ် အရပ်သား၊ ပြည်သူတွေရဲ့ ခန္ဓာကိုယ် အပိုင်အစတွေ အကုန်လုံးလွှင့်ထွက်ကုန်တာ၊ တစ်စစီပါ၊ အခုလောလောဆယ်သိရတာ (၁၀)ယောက်၊ ကလေး(၂)ယောက်နဲ့ အဲ့ထပ်မကဘူး ဟုတ်တယ်၊ ဒဏ်ရာရတာ (၁၅)ယောက်လောက်ရှိတယ်၊တိုက်ပွဲမဖြစ်၊ ဘာလဲမဖြစ်နဲ့ “
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ စက်တင်ဘာလ၂၉ရက်နေ့ ဒီနေ့မှာပဲ နောက်ထပ် စစ်ဘေးရှောင်နဲ့ပြည်သူတွေနေထိုင်ရာ မန်ဝိန်းဒေသကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲမှုတွေပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်ပြုဖို့ကြိုးစားနေတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။
“ချီဖွေဘာတို့သွားတဲ့ဘက်က မန်ဝိန်းဆိုတဲ့နေရာကိုလည်း ဒီနေ့ကြဲသွားတာဟုတ်တယ်၊ အဲ့တာထိခိုက်သေဆုံး၊ အတိအကျမသိရသေးဘူး၊ ဗုံးကြဲသွားတာတော့ သိတယ်လေ၊ ဒီကောင်တွေ တိုက်ပွဲမဖြစ်ဘဲကို ကြဲနေတာ”
စစ်ကောင်စီအနေနဲ့ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်းမှာသာမက ရခိုင်ပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်းဒေသအချို့မှာပါ အရပ်သားပြည်သူတွေနေထိုင်ရာဒေသတွေကို လေကြောင်းမှဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကိုလည်း တွေ့ရပါတယ်။
ဒေသခံထံမှရရှိထားတဲ့ စိတ်မချမ်းမြေ့စရာvideo fileကို Facebook policyအရ တင်လို့မရတာမို့ အောက်ပါ Telegramမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။