မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ကလေးသူငယ်အပါအဝင် ဒေသခံပြည်သူ ၃၀ ဦးနီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က အင်အား ၄၀ ဦးခန့်ပါတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ကရင်လေးဆိပ် ကျေးရွာကို ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းစရာရှိဟုဆိုကာ ဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့သူတွေထဲက အများစုဟာ ကရင်လေးဆိပ်ရွာခံတွေ ဖြစ်ကြပြီး အသက်မပြည်သေးတဲ့ ကလေး ၄ ဦးထက်မနည်း၊ အမျိုးသမီးတွေအပါအဝင် ၃၀ ဦးနီးပါး ပါဝင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဖမ်းတာပဲ ကျွန်တော်တို့ သိရတယ်၊ ရွာထဲဝင်လာတယ်၊ အဲမှာ သူတို့(စစ်တပ်) စစ်ဆေးစရာရှိတယ်တဲ့ လိုက်ခဲ့လို့ ပြောပြီး ခေါ်သွားတာလို့ ကြားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို သထုံမြို့မရဲစခန်းတွေ စစ်ဆေးမှု များပြုလုပ်ခဲ့ပြီးနောက် အချို့ကို သထုံအခြေစိုက် တပ်ရင်းတပ်စခန်းဘက်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေထဲက တချို့ကို ပြန်လွှတ်ပေးလိုက်ပြီးလို့ သိထားရပေမယ့် ဘယ်နှစ်ဦး ပြန်လွှတ်ပေးလိုက်ပြီးလဲဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီဒေသခံတွေဟာ သထုံမြို့နယ်မှာရှိတဲ့ ရထားလမ်းပိုင်း မိုင်းထောင်ဖောက်ခွဲခံရတဲ့ ဖြစ်စဉ်မှာ ပါဝင် ပတ်သက်မှု ရှိတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာလို့ ပြောဆိုမှုတွေ ရှိနေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“တခုခုကို အကြောင်းပြပြီး ဖမ်းတာပဲ ထင်တယ်၊ ဒါမဟုတ်ရင် အဲဒီလို အကြောင်းပြပြီး ငွေညှစ်ဖို့လဲ ဖြစ်နိုင်ပါတယ်၊ မရရင်တော့ လူငယ်တွေဆို သူတို့လုပ်နေကြ စစ်မှုထမ်းပို့မှာပေါ့”
လို့ နောက်ထပ် ဒေသခံတဦးက သူရဲ့ အမြင်ကို ပြောပါတယ်။ သထုံမြို့နယ်မှာ တော်လှန်ရေးနဲ့ပတ်သက်မှုရှိတဲ့ စွပ်စွဲချက်တွေအပါအဝင် အကြောင်းပြချက်အမျိုးမျိုးပြပြီး ဒေသခံတွေဖမ်းဆီးခံရတဲ့ ဖြစ်စဉ် မကြာမကြာ ဖြစ်ပွားနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒီလို ဖမ်းဆီးခံတဲ့သူတွေကို ငွေညှစ်တောင်းခံတာ ပြုလုပ်လေ့ရှိတယ်လို့ ကြုံတွေ့ခံရသူတွေက BBM ကို ထုတ်ပြောထားတာ ရှိခဲ့သလို လူငယ်ပိုင်းဖြစ်တဲ့သူတွေဆို သုံးလအတွင်း သထုံမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရတာ ၂၀ ဦးထက်မနည်း ရှိပြီးလို့ သိရပါတယ်။
ဓါတ်ပုံ – Social Media
ပုံစာ – သထုံမြို့ပေါ်တနေရာ