မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတောင်အောက်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ၄ဦးသေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ရေးဘီလူးတပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
အဲဒီ အာယုတောင်ကျေးရွာ ဝါးကျောင်းတောင်အောက်မှာ DKBA ၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ နီးပါးတပ်စွဲထားပြီး ဝင်ရောက်တိုက်ခိုက်ချိန်မှာ လမ်းသွားလမ်းလာပြည်သူတွေကို ဂိတ်ချစစ်ဆေးနေတဲ့အချိန် ဖြစ်တယ်လို့ ရေးဘီလူးတပ်ရင်း ခေါင်းဆောင်က BBM ကို ပြောပါတယ်။
“ရန်သူက DKBA နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတယ်၊ ဝါးကျောင်းဘုန်းကြီးကျောင်းရဲ့ တောင်အောက် ကားလမ်းမှာ ရွာသားတွေကို အစစ်အဆေးလုပ်နေတဲ့အချိန် ဝင်တိုက်တာ”
လို့ ပြောပါတယ်။ တိုက်ပွဲမိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ကာကင်းယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတာ အတည်ပြုနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ရေးဘီလူးတပ်ရင်းဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်မြောက်ပိုင်းဖြစ်တဲ့ အာယုတောင်ကျေးရွာအပါအဝင် တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးမှု ရယူထားတဲ့ ကျေးရွာဘက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။
ဒီလိုမျိုး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်မှာ လမ်းသွားလမ်းလာပြည်သူတွေ၊ ဥယျာဉ်ခြံမှာ ရှိတဲ့ အလုပ်သမားတွေကို ဖမ်းဆီးမှုများ ပြုလုပ်နေတယ်လို့ ရေးမြို့ခံတချို့က ပြောပါတယ်။
“အခုတလော အရမ်းဖမ်းနေတာ၊ အထဲဘက်ကို စစ်ကြောင်းထိုးနေတာ ဖမ်းတော့ ရွာသားတွေလည်း ပြေးတဲ့ သူက ပြေးတာပေါ့၊ အချို့ကို ခြံမှာ ရှိတဲ့ အလုပ်သားတောင် ဖမ်းခေါ်သွားတယ်”
လို့ ရေးမြို့ခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်ကလည်း ရေးမြို့နယ် အဒိန်းကျေးရွာနဲ့ ဝယ်ဟိုင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး ခြံလုပ်သားအပါအဝင် အရပ်သား ၃၀ ဦးကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် ပြန်လည်လွတ်မြောက်လာဖို့ ငွေကြေးသိန်းချီ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည်ရယူနိုင်ဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်တွေက ပြောပါတယ်။
ဓါတ်ပုံ – ရေးဘီလူးတပ်ရင်း