Sunday, December 21, 2025
Home » စစ်တွေမြို့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရသေ့တောင်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်တွေမြို့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရသေ့တောင်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

0 13
13

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကနေ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်းမှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် လှမ်းပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်က ဆားပြင်ကြီး၊ ဆားပြင်ချေ၊ အောက်ဇီးကိုင်း၊ လက်ပန်ပင်ရင်း၊ ဖြူချောင်း၊ ကျွန်းကြီး၊ ပန်းဇင်းမော်၊ ကြက်ရိုးဆိပ် စတဲ့ကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

“စစ်တွေနဲ့ နီးတဲ့ ရသေ့တောင်က ကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။ ရွာပေါင်း ၁၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေကတော့ အဲဒီရွာတွေမှာ ဒေသခံတွေ မနေရဲအောင် လက်နက်ကြီးတွေနဲ့ ထုနေတာပါ။ တစ်ရက်မှာ အကြိမ်ရေ ၁၀ ကျော်လောက် ပစ်ခတ်ပါတယ်”

လို့ ရသေ့တောင်ဒေသခံအမျိုးသမီး တစ်ဦးက BBM ကို ပြောပါတယ်။ စစ်ကောင်စီဟာ စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာအနီးရှိ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၀၈)၊ အမြင့်ကျွန်း၊ ပါဒလိတ်တပ်ရင်းနဲ့ မြို့ပေါ်ရှိ အမှတ် ၁၂ ရဲတပ်ရင်းတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ဘေးတိမ်းရှောင်နေရတဲ့ ရသေ့တောင်မြို့နယ် ကျေးရွာတွေက ဒေသခံတွေဟာ စားဝတ်နေရေးနဲ့ နေရာထိုင်ခင်း အခက်အခဲတွေ ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့ကို အခုနှစ် ဖေဖော်ဝါရီလက စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့ကိုခုခံကာကွယ်ဖို့အတွက် အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမသောက်၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ ရွာဘို စတဲ့ကျေးရွာတွေက နေအိမ်တွေကို ပြိုပျက်ကာ ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ထားကြတာလည်း ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီဟာ စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေက ရသေ့တောင်မြို့နယ်ရှိ ကြက်ရိုးဆိပ်၊ ဇီးကိုင်း ၊ ဆားပြင်ကြီး ၊ ဆားပြင်ချေရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး၊ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင် စက်တင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေက ပေါက်တောမြို့နယ်ရှိ ကျေးရွာတွေကိုလက်နက်ကြီး အလုံး ၄၀ ကျော် လှမ်းပစ်ခတ်ခဲ့ပြီး ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာက အသက် ၂၅ နှစ်အရွယ် မလှသန်းနုမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ ခြေမြန်တိုက်ခိုက်ရေးတပ်တွေဖြစ်ကြတဲ့ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄) တပ်တွေအပြင် အမှတ် (၁၂)၊ အမှတ် (၃၆) ရဲတပ်ရင်းတို့ရှိနေတာလည်း ဖြစ်ပါတယ်။

အလားတူ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာရှိတဲ့ အမှတ် (၃) ဗျူဟာ ရေတပ်ဌာနချုပ်မှာ တိုးချဲ့နေရာချထား စစ်သင်္ဘောတွေနဲ့ ရွှေမင်းဂံရေတပ်စခန်းမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ စစ်သင်္ဘောတွေဟာ စစ်တွေမြို့နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေကို လက်နက်ကြီတွေနဲ့ ပစ်ခတ်မှုတွေရှိပြီး စစ်တွေမြိုနဲ့တစ်ဖက်တစ်ကမ်းရှိ ပေါက်တောမြို့နယ်ကိုလည်း လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post