Sunday, December 21, 2025
Home » လေးကေ့ကော်ကို အပြီးသိမ်းနိုင်ပြီလို့ စစ်တပ်က ဝါဒဖြန့်နေပေမဲ့ မြေပြင်မှာတော့ စိုးမိုးနိုင်ခြင်းမရှိ

လေးကေ့ကော်ကို အပြီးသိမ်းနိုင်ပြီလို့ စစ်တပ်က ဝါဒဖြန့်နေပေမဲ့ မြေပြင်မှာတော့ စိုးမိုးနိုင်ခြင်းမရှိ

0 16
16

🟥စကစ တပ်သားအချို့ လက်နက်နဲ့တကွအလင်းဝင်ရောက်မှုတွေလည်း နေ့စဥ်ရှိနေ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့ကို အပြီးသတ်သိမ်းနိုင်ပြီလို့ စစ်ကောင်စီထောက်ခံသူတွေနဲ့ ဝါဒဖြန့်သူတွေက ပြောဆိုမှုတွေ ရှိနေပေမဲ့ မြေပြင်မှာတော့ စစ်တပ်ဘက်က စိုးမိုးနိုင်ခြင်းမရှိသေးဘဲ စစ်ကြောင်းအချို့လည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လေးကေ့ကော်မြို့သစ်ရှိ ဆေးပေးခန်းရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ တပ်ထောက်ခံသူတွေမှ social mediaပေါ်မှာ ဝေမျှထားပြီး လေးကေ့ကော်ကို တပ်ကပြန် သိမ်းပိုက်နိုင်ပြီလို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီး မြေပြင်တော်လှန်ရေးအင်အားစုတွေဘက်က အဲ့ဒီနေရာတွေကို စစ်တပ်က ရရှိသွားတယ်ဆိုတာ အမှန်ဖြစ်ပေမဲ့ မြေပြင်မှာတော့ စစ်တပ်မှ ၎င်းတို့ ပြောသလို မြို့တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိဘဲ နေ့စဥ်တိုက်ပွဲတွေ ဖြစ်ပွါးလျက်ရှိတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

“ခုတက်လာတဲ့ ပုံတွေက အမှန်တွေပါ၊ အဲ့နေရာတွေကို စကမ တွေပြန်ထိန်းချုပ်သွားနိုင်တယ်ဆိုတာဟုတ်ပါတယ်၊ ဒါမဲ့ သူတို့ပြောသလို မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်သွားတာမျိုးတော့ မဟုတ်ဘူးဗျ”ဟု မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။

ဒါ့အပြင် စစ်တပ်အနေဖြင့် ယခုရရှိသွားတဲ့ ဆေးပေးခန်းနဲ့ ရေကန်ကုန်းအပါအဝင် လေးကေ့ကော်မှ နေရာအချို့ကို ဓာတ်ပုံရိုက်ကာ နိုင်ငံရေးအရ အမြတ်ထုတ်မှုလောက်သာ လုပ်ဆောင်နိုင်တာဖြစ်ပြီး ၎င်းတို့သိမ်းပိုက်ထားနိုင်တဲ့ အဆိုပါနေရာတွေမှာ ပေါ်ပေါ်ထင်ထင် တပ်စွဲနေထိုင်နိုင်ခြင်းမရှိဘူးဟုလည်း အဆိုပါရဲဘော်မှ ဆက်ပြောပါတယ်။

“နိုင်ငံရေးအမြတ်ထုတ်တာလို့ပြောရမှာပေါ့၊ ရတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်တယ်၊ လိုင်းပေါ်ဖြန့်တယ်၊ သူ့လူတွေ၊ ထောက်ခံသူတွေအားတက်အောင်ပေါ့၊ ဒါမဲ့အဲ့နေရာတွေမှာ စိုးမိုးမှုမရှိတော့ ပေါ်ပေါ်တင်တင် နေရဲတာမျိုးတော့မရှိပါဘူး”

လက်ရှိစစ်ကောင်စီစစ်ကြောင်းတွေအနေဖြင့် ၎င်းတို့သိမ်းပိုက်ထားတဲ့နေရာတွေမှာသာ စစ်ကြောင်းအခြေပြုလျက်ရှိပြီး ရှေ့ဆက်တိုးတာတွေ ပြုလုပ်နိုင်ခြင်းမရှိဘဲ ဝေဟင်ကနေသာ လေကြောင်းဗုံးကြဲတာတွေ၊ ဒရုန်းဗုံးသီးကြဲချတာတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေးကေ့ကော်ရဲ့လက်ရှိစစ်ရေးအခြေအနေမှာ စိုးမိုးမှုအရ တစ်ယောက်တစ်ဝက် အနေအထားမျိုးရှိနေပြီး စစ်တပ်အနေဖြင့် ၎င်းတို့တပ်တွေရှိရာ အနီးဝန်းကျင်က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျတ်ဆီးတာတွေပြုလုပ် လျက်ရှိတယ်လို့လည်း သိရပါတယ်။

“ခုအခြေအနေက မြို့ကတစ်ယောက်တစ်ဝက်အနေအထားမျိုးရှိနေပါတယ်၊ သူတို့လဲရှေ့ဆက်ပြီးမတိုးလာရဲဘူး၊ ပြီးတော့ စကမ က ရေရှည်အစီအမံလို့ပြောရမယ်ထင်တယ်၊ သူ့နားက အိမ်တွေကိုမီးရှို့တာတွေလုပ်နေတယ်၊ နောက်ပိုင်းကျ တိုက်ပွဲရှိလို့ တော်လှန်ရေးသမားတွေရှိလို့ အိမ်တွေ မီးလောင်ပျက်ဆီးရတယ်လို့ ပုံဖျက်ချင်တာထင်တယ်”

စစ်ကောင်စီအနေနဲ့ လေးကေ့ကော်တိုက်ပွဲကို လေယာဥ်၊ဒရုန်းတွေသာမက မြဝတီမြို့တွင်းရှိ BGFတပ်စခန်း၊ ၂၇၅တပ်ရင်း၊ လက်ခတ်တောင်တို့မှလည်း လက်နက်ကြီးပစ်ကူပေးလျက်ရှိတယ်လို့ မြဝတီဒေသခံတချို့ထံမှသိရပါတယ်။

ဒါ့အပြင်နေ့စဥ်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွင်းမှ စစ်ကောင်စီတပ်သားအချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်နဲ့တကွ အလင်းဝင် ရောက်လာမှုတွေလည်း ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အတည်ပြုပြောဆိုချက်တွေအရ သိရပါတယ်။

Leave a Comment

Latest Post

Latest Post