ရှမ်းပြည်နယ်၊ ကျောက်မဲ ခရိုင်အတွင်းက TNLA တပ်ဖွဲ့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ နမ္မတူမြို့၊ ရပ်ကွက် ၈ ကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်ခန့်က ဂိက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ္မတူမှာ ဒီမနက် ဗုံး ထပ်ကြဲသွားတယ်။ အောက်တိုဘာလ ၂ ရက်နေ့က ဗုံးကြဲခံရတဲ့ အိမ်နားမှာပဲ ပြန်ကြဲသွားတာ”
လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ အဆိုပါဗုံးကြောင့် နမ္မတူ ရပ်ကွက် ၈၊ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းပထမဆုံး ဆောက်ခဲ့တဲ့ ၂ ထပ်ဆောင် အဆောက်အဦး ပျက်စီးသွားခဲ့တယ်လို့ သူက ပြောပါတယ်။
“လူ အထိအခိုက် မရှိဘူး။ သံဃာတော်တွေလည်း အရင်နေ့ ကတည်းက စစ်ရှောင်ကုန်ပြီ”
လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ လေကြောင်းအန္တရာယ် စိုးရိမ်တာကြောင့် မြို့ပေါ်က ဒေသခံ ထက်ဝက်ခန့်လည်း စစ်ရှောင်သွားပြီလို့ ဆိုပါတယ်။
PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန ကရော SSPP သတင်းနဲ့ ပြန်ကြားရေးဌာန ကပါ ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီခွဲ ဝန်းကျင်က နမ္မတူမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်သွားကြောင်း သတင်းထုတ်ထားပါတယ်။
မနေ့က အောက်တိုဘာလ ၆ ရက် သီတင်းကျွတ် လပြည့်နေ့ မနက် ၇ နာရီခွဲ ဝန်းကျင်ခန့်ကလည်း နမ္မတူမြို့ ရပ်ကွက် ၂ ပန်ဟိုက်ဘက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ နေအိမ်တချို့နဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့သလို အောက်တိုဘာလ ၂ ရက်နေ့ မနက် ၇ နာရီကျော်ခနိ့ကလည်း နမ္မတူ ရပ်ကွက် ၈ ပုဗ္ဗာရုံ ကျောင်းနီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
Photos-Local Resident