အကြီးစားဒရုန်းတွေကို စကစ ဖောဖောသီသီသုံးနေပြီး ဝေဟင်မှလည်း ပစ်ကူပေးမှုတွေရှိနေ
စစ်ကိုင်တိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို စစ်တပ်ဘက်မှ အင်အား(၅၀၀)ခန့်ဖြင့် ပြန်လည်ထိုးစစ်ဆင်မှုတွေပြုလုပ်လာနေတာကြောင့် မြို့ပတ်ချာလည်ရှိ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နေရာတချို့ကို ပြန်လည်လက်လွှတ်ရမှုတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်တွေပူးပေါင်းပါဝင်တဲ့ စစ်အင်အား(၅၀၀)ခန့်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၄)ရက်နေ့မှ စကာ ဟုမ္မလင်းဘက်ခြမ်းမှတဆင့် ၎င်းတို့လက်လွှတ်ထားရတဲ့ ဗန်းမောက်မြို့ကို ထိုးစစ်ဆင်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အောက်တိုဘာလ(၄)ရက်နေ့မှစပြီး တောက်လျှောက် ထိုးစစ်ဆင်လာတာကြောင့် စစ်ရေးတင်းမာမှုတွေဖြစ်ပြီး မြို့ရဲ့(၅)မိုင်ပတ်ချာလည်ရှိ ကျေးရွာအချို့မှ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြန်လည်ဆုတ်ခွါခဲ့တယ်လို့ သိရပါတယ်။
“ဗန်းမောက်ကိုစစ်ကြောင်းတွေဝင်တယ်ဆိုတာ ဟုတ်တယ်ဗျ၊ စစ်တပ်ဘက်က ပြန်ထိုးနေလို့ ကျွန်တော်တို့ဘက်က အနောက်လေးကိုတော့ နည်းနည်းပြန်ဆုတ်ထားရပါတယ်၊ စစ်ရေးအခြေအနေကတော့ အရမ်းပဲတင်းမာနေသေးပါတယ်၊ အခုက”
ဟု မြေပြင်ရဲဘော်တစ်ဦးမှ BBM ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ အဆိုပါစစ်ကြောင်းအတွင်း တပ်မ(၃၃)မှဦးဆောင်ကာ ချီတက်လာခြင်းဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပေမဲ့ မြေပြင်မှာတော့ ရှမ်းနီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အင်အားတွေသာ အများဆုံးဖြစ်ပြီး တပ်မ(၃၃)ရဲ့ယူနီဖောင်းတွေကို ဝတ်ဆင်ကာထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကြောင်းတစ်ခုလုံးအနေဖြင့် အင်အား(၅၀၀)ခန့်ပါပေမဲ့ မြေပြင်မှာတော့ အင်အား(၂၀၀)ကျော်ခန့်ဖြင့်သာ အဓိကလှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်လို့လည်း အဆိုပါ ရဲဘော်မှဆက်ပြောပါတယ်။
“တပ်မ(၃၃)နဲ့ထိုးတယ်လို့ပြောတာပဲ၊ တကယ်တမ်းက တပ်မ(၃၃)မဟုတ်ပါဘူး ပသစ တွေနဲ့ရှမ်းနီတွေပါ၊ (၃၃)ရဲ့ယူနီဖောင်းတွေ ယူလာတာပါ ဒီကောင်တွေက၊အင်အားရာဂဏန်းလောက်ပါတယ်၊ ခန့်မှန်းချေလောက်ဆိုရင်တော့ ဒီကောင်တွေ၊ အနောက်တန်းတွေကော အရှေ့တန်းတွေကော အကုန်လုံးပေါင်းမယ်ဆိုရင် လေးရာကျော်၊ ငါးရာနီးပါးလောက်ရှိမယ်၊ သူတို့မြေပြင်မှာဆင်းနေမဲ့ အင်အားကတော့ အဲ့လောက်မရှိပါဘူး၊ နှစ်ရာ၊ သုံးရာလောက်ပဲ”
ဒါတင်မက အောက်တိုဘာလ(၅)ရက်နေ့ကလည်း စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွါးရာနေရာတွေကို လေကြောင်းပစ်ကူဖြင့် ပစ်ခတ်ရှင်းလင်းပြီးမြေပြင်မှ စစ်ကြောင်းအတင်းတိုးတာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လေယာဥ်ပစ်ကူသာမက စိုက်ပျိုးရေးသုံး အကြီးစားဒရုန်းများကို ဖောဖောသီသီအသုံးပြုတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့လည်း သိရပါတယ်။
“”ဒရုန်းကလည်း အရမ်းသုံးတယ်ဗျ၊ ဒီကောင်တွေက ဒရုန်းကိုလည်း အရမ်းသုံးတယ်၊ ဝေဟင်ကလည်း လေယာဥ်နဲ့တစ်ခါတစ်ခါလာလာကြဲတယ်၊ အများဆုံးကတော့ ဒရုန်းသုံးဖြစ်တယ်၊ ဒီကောင်တွေက ၊ ဒရုန်းကတော့ ဒလက်(၈)ခုနဲ့ဒရုန်းတွေ အကြီးကြီးတွေပေါ့၊ စိုက်ပျိုးရေးဒရုန်းတွေပေါ့”
လက်ရှိစစ်ကောင်စီအနေဖြင့် ဗန်းမောက်မြို့ (၅)မိုင်ပတ်ချာလည်ရှိ ခမိုးရွာနဲ့ စက်တောရွာ အနီးအနားထိရောက်ရှိနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးလျက်ရှိတယ်လို့လည်း သိရပါတယ်။
Photo-ပုံဟောင်း