ကလေးငယ်(၁)ယောက် အပါအ၀င် ပြည်သူ(၁၀)ယောက် သေဆုံးပြီး (၃)ဦးဒဏ်ရာရ
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်(၁) ယောက်အပါအ၀င် ပြည်သူ(၁၀) ယောက် သေဆုံးခဲ့ပြီး (၃)ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLAကထုတ်ပြန်ထားပါတယ်။
မနေ့က နေ့လယ် ၁၂ခွဲခန့်မှာ မန်ဟုန်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၅၀) ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက်(၃၇)နှစ်အရွယ် ဦးအိုက်ဆန်ကြာ၊ အသက်(၃၅)နှစ်အရွယ် ဦးစံပွင့်၊ အသက်(၂၉)နှစ်အရွယ် ဦးစိုင်းအောင်ဆာ၊ အသက်(၂၇)နှစ်အရွယ် ဦးအိုက်ထက်၊ အသက်(၄၅)နှစ်အရွယ် ဒေါ်အုန်းခင်၊ အသက်(၂၅)နှစ်အရွယ် ဒေါ်လှစိန်၊ အသက်(၃၉)နှစ်အရွယ် ဒေါ်အေးမေ၊ အသက်(၂၉)နှစ်အရွယ် ဒေါ်ခင်ပ၊ အသက်(၂၂)နှစ်အရွယ် ဒေါ်အေးတိတ်နဲ့ အသက်(၂)နှစ်အရွယ် မောင်အိုက်ဦးတို့ ထိမှန်သေဆုံးခဲ့ပြီး ပြည်သူလူထု(၃)ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ ပြည်သူလူထုနေအိမ် (၆) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ညက မိုးကုတ်ကို ကြဲပြီထင်တာ။ ပျံသွားတာ နိမ့်နိမ့်လေးရယ်။ မကြဲဘဲ မိုင်းလုံကို ပတ်ပြီးကြဲသွားတာ။ မိုင်းလုံနဲ့ မိုးကုတ်က ၂၁မိုင်ပဲဝေးတာ။ ဆိုင်ကယ်နဲ့တို တစ်နာရီကျော်ပဲကြာတယ်”
လို့ မိုးကုတ် ဒေသခံတစ်ယောက်က BBMကိုပြောပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာလ ၁ရက်နေ့က ကျောက်မဲမြို့ကို အလုံးစုံပြန်လည် ထိန်းချုပ်လိုက်ပြီးတော့ ရှမ်းမြောက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းထားတဲ့ ၁၂မြို့ထဲက ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့၂မြို့ကို ပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
“ခရိုင်မြို့ဖြစ်တဲ့ ကျောက်မဲကိုရပြီးပြီဆိုတော့ ကျန်တဲ့ ၁၀မြို့ကိုလည်း သူတို့(စကစ)ထပ်ထိုးမှာပဲ။ အဲ့ဒီထဲမှာ သူတို့ မျက်စိအကျဆုံးကတော့ မိုးကုတ်ပေါ့။ ဒီ TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းထားတာ လက်ရှိမှာ ၁၀မြို့ကျန်သေးတယ်”
လို့ တော်လှန်ရေးရဲဘော်တစ်ယောက်က BBMကိုပြောပါတယ်။ အလားတူ စစ်ကောင်စီဟာ အောက်တိုဘာလ ၆ရက်နေ့ မနက်(၇း၃၃)နာရီအချိန်ကလည်း နမ္မတူမြို့နယ် ရပ်ကွက်(၈) ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းရှိ ပြည်သူလူထု တွေတည်ရှိရာကို ဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီ ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းဆောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ PSLF/TNLAက သတိပေးနှိုးဆော်ထားပါတယ်။
စစ်ကောင်စီတပ်သည် တအာင်းပြည်တွင်းကို သာမက တိုင်းရင်းသားလက်နက်ကိုင်ေတွ၊၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာတွေမှာ လူအားဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုတွေပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါတယ်။
Photos-PSLF/TNLA
#BBM#News#PSLF/TNLA #NorthernShan#Airstrike