မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက အခုရက်ပိုင်းအတွင်းမှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းမှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့ ၁ မိုင်အကွာက စစ်ကောင်စီရဲ့ ခံစစ်စခန်းတည်ရှိတဲ့ ဂုတ်ကြီးကျေးရွာကို အာရက္ခတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေက အဆိုပါ ဂုတ်ကြီးကျေးရွာက ကာကင်းစခန်းတွေကို သိမ်းပိုက်ရရှိလိုက်တာကြောင့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို အရှေ့နဲ့ အနောက် ဝိုင်းရံပိတ်ဆို့ကာ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
“အမ်း – ပဒါန်းလမ်းပိုင်းမှာ ဆိုရင်တော့ နတ်ရေကန်ဗျူဟာကုန်း စခန်းတစ်ခုပဲ ကျန်ပါတော့မယ်။ အခြားစခန်းတွေကို AA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ထားပါပြီး။ ပြီးတော့ အခုနတ်ရေကန်စခန်းကိုလည်း အလုံးစုံဝိုင်းထားတယ်လို့ သိရတယ်။ စွန်တက်၊ လင်းဒဲကျေးရွာဖက်နဲ့ ဂုတ်ကြီးကျေးရွာဖက်တွေက AA နဲ့ မဟာမိတ်တပ်တွေက ဝိုင်းထားတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နတ်ရေကန်စခန်းက စွန်တက်ကျေးရွာနဲ့ ဂုတ်ကြီးကျေးရွာအကြားမှာ ရှိနေတာဖြစ်ပါတယ်”
လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက BBM ကို ပြောပါတယ်။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူးဟာကုန်းအနီးမှာရှိတဲ့ ဂုတ်ကြီးစခန်းကျရောက်ပြီးနောက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကားအစီးအရေ ၂၀ ကျော်နဲ့ နတ်ရေကန်တောင်လမ်းကြောင်းကနေပြီး အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါစစ်အင်အားတွေကြောင့် စစ်ကောင်စီဟာ နတ်ရေကန်ဗျူဟာကုန်းကနေ ဂုတ်ကြီးကျေးရွာကို လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုတွေနဲ့အတူ တဖန်စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းရှိ MPT တာဝါတိုင်ကုန်းစခန်း၊ မထုံး၊ ရွာသစ်၊ လင်းဒဲ၊ စွန်တက် ၊ ကံမြင်ကန်၊ ကြက်ရေစမ်း၊ ပိန်းရေစမ်း နဲ့ ဂုတ်ကြီးကျေးရွာရှိ စခန်းတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဂုတ်ကြီးကျေးရွာကနေ ၄ မိုင်အကွာမှာ စစ်ကောင်စီတပ်ရဲ့ အခိုင်ခံစစ်အခိုင်အမာ ခံစစ်ပြုလုပ်ထားတဲ့ ပျင်းဝစစ်ဆေးရေးဂိတ်ရှိမှာ ဖြစ်ပြီး အဲဒီဂိတ်ကနေ ၆ မိုင်အကွာလောက်မှာ ပဒါန်းမြို့လမ်းဆုံနဲ့ ကပစ ၁၄ စက်ရုံတို့တည်ရှိမှာလည်း ဖြစ်ပါတယ်။
အမ်း – ပဒါန်းလမ်းပိုင်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။