Sunday, December 21, 2025
Home » မွန်မှာ မဲစာရင်းကြည့်သူမရှိတဲ့အတွက် ပြည်သူတွေကို အတင်းအကြပ်ခေါ်ပြီး ဓါတ်ပုံဟန်ပြရိုက်နေရ

မွန်မှာ မဲစာရင်းကြည့်သူမရှိတဲ့အတွက် ပြည်သူတွေကို အတင်းအကြပ်ခေါ်ပြီး ဓါတ်ပုံဟန်ပြရိုက်နေရ

0 11
11

မွန်ပြည်နယ်မှာ မဲစာရင်းလာကြည့်ရှု့သူမရှိတဲ့အတွက် စစ်ကောင်စီက ပြည်သူတွေကို အတင်းအကြပ်ခေါ်ယူပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ ဝါဒဖြန့်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်အသီးသီးက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲစာရင်းလိုက်လံကပ်ထားတာပါ။

အဲဒီမဲစာရင်းကို ပြည်သူတွေ လာရောက်ကြည့်ရှု့သူမရှိသလောက်နည်းပါးနေတဲ့အတွက် နီးစပ်ရာ အရပ်သားတွေ၊ တက္ကစီသမားတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ဝန်ထမ်းမိသားစုဝင်တွေကို အတင်းအကြပ်ခေါ်ယူပြီး ကြည့်ရှု့ခိုင်းနေရတယ်လို့ ကျိုက်မရောမြို့ခံတဦးက ပြောပါတယ်။

“ဘယ်သူမှ စိတ်မဝင်စားတော့ လာမကြည့်ကြဘူး၊ အဲဒါလူမရှိတော့ ရပ်ကွက်ရုံးနားမှာ နေတဲ့သူတွေကို ခေါ်တယ်၊ ဝန်ထမ်းမိသားစုဝင်တွေ ခေါ်တယ်၊ တွေ့တဲ့သူခေါ်တာ တက္ကစီမောင်းသမားတောင်မကျန်ဘူး၊ ခေါ်ပြီး ဟန်ပြ ဓါတ်ပုံရိုက်နေရတဲ့အခြေအနေ ဖြစ်နေတာပေါ့”

လို့ ပြောပါတယ်။ မဲစာရင်းတွေကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ပထမအကြိမ်အဖြစ် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ရုံးနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားပါတယ်။

ရပ်ကွက်ကျေးရွာအသီးသီးမှာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ တလမ်းဝင်တလမ်းထွက် အသံချဲ့စက်တွေနဲ့ လိုက်လံအသိပေးနေပေမယ့် စိတ်ဝင်စားမှုမရှိကြဘူးလို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ စစ်အုပ်စုဌာနဆိုင်ရာ အရာရှိတွေ ကွင်းဆင်းကြည့်တဲ့အခါမှာ လူထုတွေ စိတ်ဝင်စားမှုမရှိနေတဲ့အပေါ် စိတ်ဆိုးဒေါသထွက်နေကြတယ်လို့ သထုံမြို့ခံတဦးက ပြောပါတယ်။

“ခရိုင်လူကြီးတွေ လာစစ်တာ ဘယ်သူမှလည်း လာမကြည့်ကြဘူး၊ အဲဒါအုပ်ကြီးကို ခေါ်ဆူတာ ဘာလို့ ခင်ဗျားတို့ မစီစဉ်ထားလဲပေါ့၊ လူကြီးတွေ လာနေတာ ဒီအတိုင်း ဖြစ်သလို လုပ်မနေနဲ့ပေါ့၊ အဲဒါမှ ချက်ချင်းပဲ အနီးအနားက လူတွေခေါ်ပြီး ကြည့်ခိုင်းလိုက်ရတယ်”

ဟု သူက ပြောပါတယ်။ အခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၁)အနေနဲ့ မွန်မှာ မော်လမြိုင်၊ ကျိုက်ထို၊ သထုံ၊ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်တို့ပါဝင်တယ်လို့ စစ်အုပ်စုရွေးကော်က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – Social Media

ပုံစာ – မွန်ပြည်နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲစာရင်းကြည့်ရှု့စဉ်။

Leave a Comment

Latest Post

Latest Post