ဒေသခံရေလုပ်သားတွေကိုလည်း ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ပြုလုပ်လာနေတာကြောင့် စစ်ရေးသတိရှိကြဖို့ AA တိုက်တွန်း
စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောတွေကို အသုံးပြုကာ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေပြီး၊ ပင်လယ်ပြင်ကမ်းအနီးအတွင်းမှာလည်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြတဲ့ ဒေသခံရေလုပ်သားပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ပြုလုပ်လာနေတာကြောင့် စစ်ရေးသတိရှိကြဖို့ လိုအပ်တယ်လို့ အာရက္ခတပ်တော် AA က မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်၊ ပြီးခဲ့တဲ့ စက်တင်ဘာလ (၆) ရက်နေ့မှာ သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာက အရပ်သား ရေလုပ်သားပြည်သူ (၄) ဦးဖြစ်ကြတဲ့ ဦးမောင်ကို (၅၁) နှစ်၊ ဦးကျော်ဝေသန်း (၄၂) နှစ်၊ ဦးဖိုးနီ (၅၀) နှစ်နဲ့ ဦးညီညီ (၃၉) နှစ်တို့ကို ပင်လယ်ပြင်ကမ်းနီးမှာ ငါးဖမ်းနေစဉ်အတွင်း စစ်ကောင်စီရေတပ်က ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။
အလားတူ အောက်တိုဘာလ (၃) ရက်နေ့မှာလည်း ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်က အပြစ်မဲ့ ဒေသခံ ရေလုပ်သားပြည်သူ (၂၀) ကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်စစ်မျက်နှာမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလနီးပါး အတောအတွင်းမှာ သူတို့ဆုံးရှုံးလိုက်ရတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်တွေအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျတဲ့ မြို့နဲ့ ရပ်ရွာ တွေကို ပြန်လည်သိမ်းပိုက်ရယူနိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့ရှိ ထိုးစစ်ကြီးတွေကို ပြုလုပ်နေခဲ့တာဟာ ကာလအတန်ကြာမြင့်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လူနေထူထပ်တဲ့ပြီး အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထားကာ ရေကြောင်း၊ လေကြောင်း တွေက တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေတယ်လို့ AA က ဆိုထားပါတယ်။
၂၀၂၅ ခုနှစ်၊ ပြီးခဲ့တဲ့ စက်တင်ဘာလ (၄) ရက်၊ နေ့လယ် (၂) နာရီအချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံတွဲ ငပလီကမ်းခြေအနီးနဲ့ လင်းရိုးတောင်ပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း စစ်ကောင်စီတပ်က သံတွဲမြို့၊ အမှတ် (၄) ရပ်ကွက်က အပြစ်မဲ့အရပ်သား ပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဦးညီညီ (၄၀) နှစ်မှာ နေအိမ်အတွင်းမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီးကိုယ်ဝန်ဆောင်မိခင် (၁) ဦး၊ အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးတို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းဆောင် တစ်ချို့မှာလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့မှာလည်း ငပလီပင်လယ်ပြင်မှာ သွားလာလှုပ်ရှားနေကြတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေက သံတွဲမြို့နဲ့ မြို့ ပတ်ဝန်းကျင်နေရာအများအပြားကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အလားတူ အောက်တိုဘာလ (၉) ရက်နေ့၊ ညနေ (၄) နာရီကျော်မှာလည်း ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာရဲ့ အနောက်ဘက် မီတာတစ်သောင်းခန့် (၁၀,၀၀၀) အကွာအဝေးရှိ ပင်လယ်ပြင်က စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောတွေက လက်နက်ကြီး (၁၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ အောက်တိုဘာလ ၉ ရက်နေ့မှာလည်း စစ်ကောင်စီဟာ သံတွဲ (ငပလီ) ကမ်းခြေနဲ့ မျက်နှာချင်းဆိုင် အထိုင်ချထားတဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ သံတွဲမြို့ပတ်ဝန်းကျင်နေရာတွေကို ရမ်းသန်းပစ်ခတ်ခဲ့ပြီး သံတွဲ နဲ့ ဂွ မြို့ပေါ်မှာလည်း Y8 ၊ Y12 လေယာဉ်တွေနဲ့ (၄) နာရီခန့်ကြာ အောင် မရပ်မနား ဆက်တိုက်ဝဲပျံနေတယ်လို့လည်း သိရပါတယ်။
အဲဒီလို့ တိုက်ခိုက်ရေးလေယာဥ်တွေ ပျံဝဲခဲ့ပြီးနောက် မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၈ နာရီခန့် အချိန်မှာ သံတွဲမြို့အနီး ပတ်ဝန်းကျင်နေရာတွေကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်က အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုက ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ကြေညာထားပေမဲ့ လက်ကျန် ၄ မြို့နယ်ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိမှာ အဆိုပါမြို့နယ် ၄ ခုကို ရေကြောင်း၊ လေကြောင်းကနေ တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ သံတွဲ၊ ပလက်ဝမြို့နယ်တွေကို စက်တင်ဘာလ တစ်လအတွင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦး သေဆုံးခဲ့ရပြီး၊ ၄၉ ဦး အထိ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်ကနေရာတွေ၊ ရခိုင်ရိုးမနယ်စပ်က မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းက နေရာတွေကို ကြည်း၊ ရေ၊ လေ တွေနဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာနေပေမဲ့လည်း ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးတွေ အများအပြားနဲ့သာ ရင်ဆိုင်နေရတယ်လို့လည်း AA က ဆိုထားပါတယ်။
Photo-ပုံဟောင်း