Sunday, December 21, 2025
Home » နတ်ရေကန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်သားတွေဟာ ဖိုက်တာကုန်းနဲ့ ဂုတ်ကြီးစခန်းတွေကို ထိုးစစ်ဆင်နေ

နတ်ရေကန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်သားတွေဟာ ဖိုက်တာကုန်းနဲ့ ဂုတ်ကြီးစခန်းတွေကို ထိုးစစ်ဆင်နေ

0 11
11

🟥ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လမ်းခုလတ်နေရာတွေမှာ ကစဥ့်ကလျားထွက်ပြေးနေကြ

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ အခုရက်ပိုင်းမှာ သိမ်းပိုက်ထားတဲ့ ဖိုက်တာကုန်းနဲ့ ဂုတ်ကြီးစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ငဖဲမြို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကနေ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေရှိတဲ့နေရာတွေကို စစ်ကြောင်းအလိုက် ထိုးစစ်ဆင်လာတဲ့အခါ လမ်းခုလတ်နေရာတွေကို ရောက်တဲ့အခါမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ကစဥ့်ကလျား ထွက်ပြေးမှုတွေရှိနေကြတယ်လို့လည်း သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိကကာကင်းစခန်းတစ်ခုဖြစ်တဲ့ ဖိုက်တာကုန်းကာကင်းစခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်က အဆိုပါကာကင်းစခန်းကုန်းကို ပြန်လည်ရယူဖို့အတွက် ထိုးစစ်ဆင်လာနေတာလည်း ဖြစ်ပါတယ်။

“နတ်ရေကန်ဗျူဟာကုန်းရဲ့ ရှေ့က ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ဖိုက်တာကုန်းစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်က ပြန်ပြီးတော့ထိုးစစ်ဆင်လာတာပါ။ ဗျူဟာကုန်းကနေ စစ်ကြောင်းအလိုက် ထိုးစစ်ဆင်လာတော့ သူတို့လုံခြုံမဲ့နေရာကို ရောက်တဲ့အခါမှာ ထွက်ပြေးမှုတွေ ရှိတယ်လို့သိရပါတယ်။ ဖိုက်တာကုန်းစခန်းနဲ့ ဂုတ်ကြီးစခန်းတွေကို မရောက်ဘဲနဲ့ လမ်းခုလတ်နေရာတွေမှာ ထွက်ပြေးမှုတွေရှိနေကြတာ ဖြစ်ပါတယ်”

လို့ ငဖဲမြို့ရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ အလားတူ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အမ်း – ပဒါန်းလမ်းပိုင်းမှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့ ၁ မိုင်အကွာက စစ်ကောင်စီရဲ့ ခံစစ်စခန်းတည်ရှိတဲ့ ဂုတ်ကြီးကျေးရွာက ကာကင်းစခန်းကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အမ်း – ပဒါန်းလမ်းပိုင်းမှာတစ်ခုတည်း ကျန်ရှိတော့တဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကိုလည်း အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နတ်ရေကန်ဗျူဟာနဲ့ ဆယ်မိုင်ခန့်အကွာက ကပစ(၁၄) နဲ့ ပျင်းဝစစ်ဆေးရေး ဂိတ်အနီးက ကာကင်းစခန်းတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းစခန်းဟာ အမြင့်ပေ ၅ထောင် ကျော်မှာ တည်ဆောက်ထားတာဖြစ်ပြီး လက်ရှိ ဖြည့်တင်းထားတဲ့ စစ်သားအရေအတွက်ဟာလည်း အင်အား ထောင်နဲ့ချီ ရှိတယ်လို့လည်း AA စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းရှိ MPT တာဝါတိုင်ကုန်းစခန်း၊ မထုံး၊ ရွာသစ်၊ လင်းဒဲ၊ စွန်တက် ၊ ကံမြင်ကန်၊ ကြက်ရေစမ်း၊ ပိန်းရေစမ်း၊ ဂုတ်ကြီးနဲ့ ဖိုက်တာကုန်းစခန်းတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post