Sunday, December 21, 2025
Home » သီပေါနဲ့(၈)မိုင်အကွာ ကျင်သီးတံတားအနီးအနားထိ အင်အားအလုံးအရင်းနဲ့ စကစ စစ်ကြောင်းတွေရောက်ရှိ

သီပေါနဲ့(၈)မိုင်အကွာ ကျင်သီးတံတားအနီးအနားထိ အင်အားအလုံးအရင်းနဲ့ စကစ စစ်ကြောင်းတွေရောက်ရှိ

0 13
13

🟥မိုးကုတ်မြို့ကိုလည်း သပိတ်ကျင်းနဲ့နောင်ချိုဘက်တွေကပါ စစ်ကြောင်း(၂)ကြောင်းဖြင့် ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နဲ့ (၈)မိုင်ခန့်အကွာအဝေးသာရှိတော့တဲ့ ကျောက်မဲ-သီပေါလမ်းပိုင်းရှိ ကျင်သီးရွာနဲ့ ကျင်သီးတံတားအနီးအနားကို စစ်ကောင်စီစစ်ကြောင်းများ အင်အားအလုံးအရင်းနဲ့ရောက်ရှိလာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁)ရက်နေ့မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ TNLAသိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ကို ပြန်လည်ရရှိပြီးတဲ့နောက် တောက်လျှောက်ဆိုသလိုပင် သီပေါမြို့ကို ထိုးစစ်ဆင်လာရာ အခုအခါမှာတော့ ကျင်သီးတံတားအနီးထိပင် ရောက်လာတယ်လို့သိရပါတယ်။

အဆိုပါ ကျင်သီးကျေးရွာနဲ့ ကျင်သီးတံတားဟာ ကျောက်မဲ-သီပေါလမ်းပိုင်း ထောက်ပံ့ပို့ဆောင်ရေးအတွက် အလွန်အရေးပါတဲ့ တံတားဖြစ်ပြီး စစ်ကောင်စီဘက်မှ အဆိုပါနေရာကိုရောက်ရှိဖို့ စစ်ကြောင်း(၂)ကြောင်းခန့်ခွဲကာထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါကျင်သီးတံတားကိုပါစစ်ကောင်စီအနေဖြင့် ထပ်မံရရှိသွားမယ်ဆိုပါက သီပေါမြို့ကတော်လှန်ရေးအင်အားစုတွေအတွက် စိုးရိမ်ရတဲ့အနေအထားတစ်ခုအထိရောက်ရှိသွားနိုင်တယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

“သီပေါမြို့အတွက်က နမ္မတူ၊ နမ်ဆန်နဲ့ သီပေါကြားက မိုးတေတံတား၊ ကျောက်မဲ-သီပေါကြားက ကျင်သီးတံတားတို့က ထောက်ပံ့ပို့ဆောင်ရေးတွေအတွက် အရေးပါတယ်၊ ကျင်သီးတံတားကိုသာ စကစ က ရသွားမယ်ဆိုရင် သီပေါအတွက်က အစိုးရိမ်ရဆုံးအနေအထားဖြစ်သွားပြီခင်ဗျ”

ယခုသီပေါကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ နောင်ချို၊ကျောက်မဲကိုထိုးစစ်ဆင်သကဲ့သို့ မြေပြင်တိုက်ပွဲကြီးကြီးမားမားဖြစ်ပွါးခြင်းသိပ်မရှိဘဲ လေကြောင်းပစ်ကူ၊ လက်နက်ကြီးနဲ့ ဒရုန်းတွေကိုဖောဖောသီသီ အသုံးပြုပြီး ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေဖြင့် သီပေါမြို့ကိုသာမက မန္တလေးတိုင်းအတွင်းရှိ TNLAနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာ မိုးကုတ်မြို့တို့ကိုလည်း တစ်ပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် မြေပြင်မှာထိတွေ့မှုပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

မိုးကုတ်မြို့ကို ထိုးစစ်ဆင်ရာမှာ သပိတ်ကျင်းမြို့နယ်(၇)မိုင်ရှိ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(၁၃)မှာ အခြေပြုထားတဲ့ စစ်ကြောင်းတွေဖြင့် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဖော့တောလမ်းဆုံကိုတိုးနေသလို နောင်ချိုမြို့နယ်ဘက် ကစစ်ကြောင်းတွေဖြင့်လည်း နောင်ချိုမြို့နယ်အတွင်းရှိ ပဇီလမ်းဆုံတွေကို တိုးဝင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေလက်ရှိတိုးနေတဲ့ ဖော့တောလမ်းဆုံဟာ စဥ့်ကူး၊သပိတ်ကျင်းမှမိုးကုတ်ကိုလာရင်မဖြစ်မနေဖြတ်ရတဲ့လမ်းပိုင်းဖြစ်သလို နောင်ချိုမြို့နယ်အတွင်းက ပဇီလမ်းဆုံးဟာလည်း သပိတ်ကျင်း၊ မိုင်းလုံး၊ မိုးကုတ် လမ်းခွဲတွေအကုန်လုံးကိုဆက်သွားလို့ရတဲ့ အရေးကြီးနေရာတွေဖြစ်တယ်လို့ သိရပါတယ်။

အခုအခါစစ်ကောင်စီစစ်ကြောင်းတွေရဲ့စစ်ကြောင်းတိုးဝင်မှုကြောင့် ဖော့တောလမ်းဆုံးမှာတိုက်ပွဲပြင်းထန်ကာ နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေများနေပြီးပဇီလမ်းဆုံတစ်ဝိုက်မှာလည်း တိုက်ပွဲဖြစ်ပွါးနေပြီး စစ်ကောင်စီဘက်မှ အရေးကြီးနေရာအချို့ကို ရရှိသွားပြီလို့လည်း အဆိုပါစစ်ရေးသတင်းရင်းမြစ်မှဆက်ပြောပါတယ်။

“ဖော့တောလမ်းဆုံက တိုးနေတာတော့(၂)ပတ်လောက်ရှိပြီ တိုက်ပွဲကလည်း ခုပြင်းထန်နေတယ်၊ ဖော့တောကိုသာပိတ်ရင် မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံးက ပိတ်မိသွားနိုင်တယ်ဗျ၊ နောင်ချိုဘက်က စစ်ကြောင်းက ရှေ့ကိုအတော် ခရီးပေါက်လာတယ်လို့ကြားရတယ်ခင်ဗျာ၊ပဇီကျော်ပြီလို့ကြားနေရတယ်ဗျ”

စစ်ကောင်စီရဲ့အဆိုပါထိုးစစ်ဆင်မှုတွေနဲ့ တိုက်ပွဲအရှိန်တွေကြောင့် တော်လှန်ရေးအင်အားစုတွေအနေဖြင့် မိုးကုတ်-မန္တလေးလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသလို ပဇီတစ်ဝိုက်ကိုလည်း စစ်အင်အားဖြည့်တင်းတာတွေလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post