ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဗန်ဟားကျေးရှိ အခြေခံမူလတန်း စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးကာ ၁၀ ဦးတို့မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ချင်းဒေသခံတွေက BBM ကို ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဟားခါးမြို့နဲ့ မိုင် ၃၀ အကွာက ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“ဂျက်ဖိုက်တာနဲ့ ဒီကနေ့ ၁၀ နာရီခွဲမှာ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ အသက် ၁၀ နှစ်အောက် ကျောင်းသားကလေးသူငယ် နှစ်ဦးသေဆုံးပြီး နောက်ထပ်ကလေးငယ်တွေနဲ့ ဆရာ၊မတွေလည်း ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လတ်တလောအခြေအနေအရ သိရပါတယ်”
လို့ ချင်းဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဗန်ဟားကျေးရွာရှိ အခြေခံမူလတန်းကျောင်းရဲ့ နောက်ဆောင်တွေမှာလည်း ပြိုကျပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုလည်း အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
စစ်ရှုံးစစ်ကောင်စီဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်ပြည်သူတွေ နေထိုင်တဲ့ နေအိမ်၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေ အဆက်မပြတ် ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာက စာသင်ကျောင်းနဲ့ ဘော်ဒါဆောင်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၃ ဦးနဲ့ မသန်စွမ်းအမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ၁၀ ဦးကျော်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။