Sunday, December 21, 2025
Home » သီပေါမြို့နဲ့ (၃)မိုင်ပတ်ချာလည်သာရှိတော့တဲ့ နာခဲရွာထိ စစ်ကောင်စီရှေ့ပြေးတပ်တွေရောက်ရှိနေ

သီပေါမြို့နဲ့ (၃)မိုင်ပတ်ချာလည်သာရှိတော့တဲ့ နာခဲရွာထိ စစ်ကောင်စီရှေ့ပြေးတပ်တွေရောက်ရှိနေ

0 12
12

🟥မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ အရေးပါတဲ့ ဖော့တောလမ်းဆုံမှာလည်း တိုက်ပွဲပြင်းထန်နေပြီး နေရာအချို့ပြန်လည်လက်လွှတ်ထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နဲ့ ၃မိုင် ပတ်ချာလည် အကွာအဝေးသာရှိတော့တဲ့ နာခဲကျေးရွာနားအထိပင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ (၁)ရက်နေ့ကစပြီး ကျောက်မဲမြို့မှတဆင့် သီပေါမြို့ကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး ကျောက်မဲ-သီပေါ လမ်းပိုင်းရှိ အဓိကအရေးပါရာ ကျင်းလီတံတားနဲ့ ကျင်းလီကျေးရွာတို့ကိုဖြတ်သန်းပြီးတဲ့နောက် နာခဲကျေးရွာအထိရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃)ရက်နေ့မနက်အစောပိုင်းကစပြီး စစ်ကြောင်း(၂)ကြောင်းဖြင့် ဖြန့်ခွဲလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျင်းသီကျေးရွာနဲ့ ကျင်းသီတံတားတို့ကိုရရှိပြီးတဲ့နောက် တစ်ဆက်တည်းဆိုသလိုပင် ဘော်ကြိုကျေးရွာအထိ ဆက်လက်ချီတက်ခဲ့ပြီး ယခုနောက်ဆုံး ဘော်ကြိုကို ထပ်မံကျော်ကာ နာခဲကျေးရွာကိုပင်ရောက်ရှိနေပြီလို့သိရပါတယ်။

ယခုစစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိနေတဲ့ နာခဲကျေးရွာဟာ သီပေါမြို့နဲ့ ၃မိုင်ပတ်ချာလည်လောက်သာ ဝေးပြီး မြို့နဲ့နာခဲကျေးရွာတို့အကြား ရွာအနည်းငယ်သာကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။

“ကျင်သီတံတား ကျသွားပါပြီ၊ မနေ့ကဘော်ကြိုနားကို ရှေ့ပြေးတပ်တချို့ရောက်ပြီးတောက်လျောက် ဘော်ကြိုကိုပါကျော်ကုန်ပါပြီ၊ ခုလက်ရှိက စကစ စစ်ကြောင်းတွေ သီပေါနဲ့ကအရမ်းကပ်နေပါပြီခင်ဗျာ၊ ဒါပေမဲ့ ချက်ချင်းတန်းဝင်တာထက် ရက်နည်းနည်း ယူပြီးမှဝင်မယ်ထင်တယ်ဗျ”

ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်မှပြောပါတယ်။ ဒါ့အပြင် သီပေါမြို့အနီးအနားထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာနေတာကြောင့် TNLAအနေဖြင့် မြို့ပေါ်ရှိ အုပ်ချုပ်ရေးနဲ့ဆေးရုံတို့မှ ရုံးလုပ်ငန်းဆိုင်ရာပစ္စည်းတွေကိုရွှေ့ပြောင်းမှု တချို့ပြုလုပ်နေတယ်လို့လည်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

“သီပေါမှာက ခုလူတွေတော့မရွှေ့သေးဘူး၊ ပစ္စည်းတွေတော့အကုန်ရွှေ့ပြီးသွားပြီ၊ တစ်ခုခုဆို အချိန်မရွှေး ထပြီးတပ်ရွှေ့လို့ရတဲ့အခြေအနေမျိုးလိုပေါ့”

ဒါတင်မက သီပေါမြို့ထိုးစစ်နဲ့တစ်ဆက်တည်း စစ်ကောင်စီအနေဖြင့် မန္တလေး-မိုးကုတ်လမ်းပေါ်က ဖော့တောလမ်းဆုံကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီးတိုက်ပွဲလည်း ပြင်းထန်စွာဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

အဆိုပါဖော့တောလမ်းဆုံကိုထိုးရာမှာ သပိတ်ကျင်းမြို့နယ် (၇)မိုင်မှာရှိတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (၁၃)မှာ အခြေပြုထားတဲ့တပ်တွေဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေများပြားကာ စစတပ်ဘက်မှ ဖော့တောလမ်းဆုံရှိ နေရာအချို့ကို ရရှိထားတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်မှ BBM ကိုဆက်ပြောပါတယ်။

“ဖော့တောမှာလည်း တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုကော စစ်တပ်ကော၊ အကျများတာကို အတည်ပြုလို့ရပါတယ်၊ လက်ရှိအခြေအနေက ဖော့တောလည်းစိုးရိမ်ရတဲ့အနေအထားမျိုးရှိနေပါတယ်၊ ဖော့တောတစ်ခုလုံးကို စစ်တပ်ကရသွားပြီလို့ ပြောလို့တော့မရသေးဘူး၊နယ်မြေတချို့တော့ပါသွားတာရှိတယ်၊ ဒါမဲ့ သူရှိ ကိုယ်ရှိ အနေအထားပါဘဲ၊ လမ်းကြီးတစ်ခုလုံးထိန်းချုပ်သွားနိုင်တာတော့မဟုတ်သေးပါဘူးခင်ဗျာ”

အဆိုပါဖော့တောလမ်းဆုံးဟာ မိုးကုတ်မြို့အတွက်အလွန်အရေးပါပြီ စဥ့်ကူး၊ သပိတ်ကျင်းကနေတဆင့် မိုးကုတ်ကိုလာမယ်ဆိုရင် မဖြစ်မနေဖြတ်သန်းရမဲ့လမ်းဆုံဖြစ်တာမို့ နှစ်ဖက်တပ်တွေအနေဖြင့် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post