Monday, December 22, 2025
Home » နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကောင်စီတပ်က ကာကင်းစခန်းတွေ ပြင်ဆင်

နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကောင်စီတပ်က ကာကင်းစခန်းတွေ ပြင်ဆင်

0 12
12

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကောင်စီတပ်က ခံစစ်ပုံစံနဲ့ ကာကင်းစခန်းတွေဆောက်လုပ် ပြင်ဆင်နေတယ်လို့ ငဖဲမြို့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့အတွက် စစ်ကောင်စီဟာ အင်အားစုဖွဲ့ကာ ပြင်ဆင်နေတဲ့ ရခိုင်ရိုးမနယ်စပ်နဲ့မကွေးတိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ၉ လအကြာတိုက်ခိုက်ခဲ့ပြီး မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“နတ်ရေကန်ကုန်းမကြီးက လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်ကစပြီး ခံစစ်ပြိုသွားခဲ့ပါပြီး။ မနေ့ကအပြီးသတ်ရတယ်လို့ ပြောနိုင်ပါတယ်။ နတ်ရေကန် ရေဒါစခန်းကုန်းမကြီးကိုရတာပါ။ နတ်ရေကန်ဗျူဟာကုန်း တစ်ခုလုံးကိုတော့ အပြည့်အဝ ထိန်းချုပ်နိုင်ပြီးလို့တော့ ပြောမရသေးဘူး”

လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ချိန်မှာ ဗျူဟာကုန်းရဲ့ အရာရှိတစ်ချို့နဲ့ တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

လက်ရှိ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းကို ကပစ ၁၄ စက်ရုံက နေပြီးတော့ စစ်ကောင်စီတပ်ဟာ တောလမ်းအတိုင်းဆင်းလာကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေသလို နတ်ရေကန်ဗျူဟာကုန်းအနီးရှိ နောက်ထပ် စစ်ကောင်စီရဲ့ခံစစ်စခန်းဖြစ်တဲ့ ဘုံးဘောနားအနီးက ခမောက်တောင်ကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

အဲဒီ ဘုံးဘောနားအနီးက ခမောက်တောင်စခန်းကိုသာ AA နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်သိမ်းပိုင်နိုင်ပါက နတ်ရေဗျူဟာကုန်းကို အပြည့်အဝထိန်းချုပ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းစခန်းကို သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်တပ်ရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကပစ ၁၄ စက်ရုံကို စစ်ရေးအရခြိမ်းခြောက်လာနိုင်တော့မှာ ဖြစ်တာကြောင့် စစ်ကောင်စီဟာ ကပစ ၁၄ စက်ရုံအနီးက နေရာတွေမှာ ကာကင်းခန်းတွေ ဆောက်လုပ်နေတယ်လို့လည်း သိရပါတယ်။

ကပစ ၁၄ စက်ရုံနဲ့ ၆ မိုင်အကွာ အမ်း – ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝစစ်ဆေးရေးဂိတ်နဲ့ သာယာကုန်းကျေးရွာအနီးအနားမှာ စစ်ကောင်စီတပ်က ကာကင်းစခန်းအများအပြားတိုးချဲ့ဆောက်လုပ်နေတယ်လို့ ငဖဲမြို့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“နတ်ရေကန် ဗျူဟာကုန်းကျသွားရင် ကပစ ၁၄ စက်ရုံကို ကာကွယ်ဖို့အတွက် စကစတော့ အမ်း- ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝ စစ်ဆေးဂိတ်နဲ့ သာယာကုန်းကျေးရွာအနီးတဝိုက်တွေမှာ ကာကင်းစခန်းတွေ ဆောက်လုပ် ပြင်ဆင်နေပါတယ်။ အဲဒီကာကင်းစခန်းတွေကိုလည်း ပဒါန်းတပ်နယ်က တပ်ရင်းတွေက စစ်အင်အားတွေ ဖြည့်တင်းနေတာပါ”

လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပဒါန်းတပ်နယ််မှာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတို့ရှိပြီး နတ်ရေကန်ဗျူဟာကုန်းနဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာ တည်ရှိနေကာ အဆိုပါတပ်ရင်းတွေကနေ လက်ရှိပြင်ဆင်ထားတဲ့စခန်းတွေကို စစ်အင်အားတွေ ဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစ စက်ရုံ ၁၅ ရုံ ရှိနေတာဖြစ်ပြီး အထက်မင်းလှမြို့နယ်မှာ ၃ ရုံ၊ ဆင်ပေါင်ဝဲ မြို့နယ်မှာ ၁ ရုံ၊ သရက်မြို့နယ်မှာ ၁ ရုံ၊ ပွင့်ဖြူမြို့နယ်မှာ ၁ ရုံ၊ အောင်လံမြို့နယ်မှာ ၂ ရုံ၊ တောင်တွင်းကြီးမြို့နယ်မှာ ၁ ရုံ၊ စေတုတ္တရာမြို့နယ်မှာ ၁ ရုံ၊ ဆိတ်ဖြူမြို့နယ်မှာ ၂ ရုံ၊ ကျော၊ ပေါက်၊ လောင်းရှည်မြို့နယ်တွေမှာ ၁ ရုံစီ ရှိနေကြတာလည်း ဖြစ်ပါတယ်။

အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post