Sunday, December 21, 2025
Home » ဖားကန့်မှ စစ်ကောင်စီအင်အား၄၀၀ကျော် ကာမိုင်း-ဖားကန့်လမ်းပိုင်းမှ ပြန်လည်ဆုတ်ခွါ

ဖားကန့်မှ စစ်ကောင်စီအင်အား၄၀၀ကျော် ကာမိုင်း-ဖားကန့်လမ်းပိုင်းမှ ပြန်လည်ဆုတ်ခွါ

0 13
13

🟥ဖားကန့်မြို့အတွင်း တပ်မ(၃၃)နဲ့ စကခ(၃) တပ်မ(၂)ခုရှိရာမှ တပ်မ(၁)မကို ပြန်နှုတ်ခြင်းဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၄၀၀)ကျော်ဟာ ကာမိုင်း-ဖားကန့်လမ်းပိုင်းမှတဆင့် ပြန်လည်ဆုတ်ခွါတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအင်အားစုတွေကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွါးလေ့ရှိတဲ့ ဖားကန့်မြို့နယ်အတွင်းမှ စစ်အင်အားအချို့ကို ယခုရက်ပိုင်းအတွင်းမှာတင် စစ်တပ်မှပြန်လည်ထုတ်နှုတ်ပြီးဆုတ်ခွါစေတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဧပြီလနဲမေလမှစတင်ပြီး ဖားကန့်မြို့နယ်တစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က စစ်ကြောင်းထိုးရာမှာ ၎င်းတို့အခြေချတပ်စွဲခဲ့တဲ့ မှော်ဆီစာ ဘုရားကုန်းအပါ အချို့တပ်စခန်းများမှာလည်း အင်အားရုတ်သိမ်းမှုတွေပြုလုပ်ပြီး ပြန်လည်ဆုတ်ခွါနေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့ကို စစ်ကြောင်းထိုးရာမှာ တိုက်ခိုက်ရေးတပ်မတစ်ခုဖြစ်တဲ့ တပ်မ(၃၃)လက်အောက်ခံတပ်တွေအပြင် မိုးကောင်းအခြေစိုက် တပ်မဟာ(၃)ခေါ် စကခ(၃)လက်အောက်မှ တပ်တွေလည်း ပါဝင်စစ်ကြောင်းထိုးခဲ့တာကြောင့် ယခုဆုတ်ခွါနေတဲ့ စစ်အင်အားတွေဟာ ဘယ်တပ်မ လက်အောက်ခံတွေဖြစ်တယ်ဆိုတာ အတည်ပြုပြောကြားဖို့ခက်တယ်လို့ မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

“ဟုတ်တယ်ဗျ တပ်တွေပြန်ဆုတ်နေတယ်၊ ဒီမှာရောက်ထားတဲ့တပ်က ရှေ့တန်းတပ်မ (၃၃)ရယ်၊ မိုးကောင်းအခြေစိုက် တပ်မဟာ(၃)ရယ်၊ မပခ လက်အောက်ခံဖွဲ့ထားတဲ့ ရောက်ထားတာပေါ့ အခုဟာက ဘယ်တပ်ကို သူတို့ပြန်ထုတ်တာလဲမသိဘူး၊ အင်အား(၄၀၀)ဝန်းကျင်လောက်ရှိတဲ့ဟာတွေ ကာမိုင်းဘက်က လမ်းကြောအတိုင်း၊ မိုးကောင်းဘက်ကို ပြန်ဆင်းနေတာ၊ သူတို့ရောက်ကတည်းက တပ်စွဲထားတဲ့ မှော်စီစာဘုရားကုန်းကနေလည်း ပြန်ဆုတ်သွားတယ်”

ဒါ့အပြင် ဖားကန့်မြို့နယ်အတွင်း အဆိုပါတပ်မ(၂)ခုသာမက ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ (SNA)အင်အားစုတွေလည်း ရှိပြီးကျန်ရစ်တဲ့ စစ်ကောင်စီတပ်မနဲ့ပူးပေါင်းကာ စစ်ကြောင်းထိုးတာတွေ ဆက်လက်ပြုလုပ်နိုင်ချေရှိတယ်လို့လည်း သိရပါတယ်။

ဒါတင်မက ကချင်ပြည်နယ်အတွင်းက ဗန်းမော်နဲ့ ဝိုင်းမော်ဒေသတွေမှာ မြို့သိမ်းတိုက်ပွဲသဏ္ဍန် တိုက်ပွဲပြင်းထန်နေတာကြောင့် ယခုဖားကန့်မှ ပြန်လည်ဆုတ်ခွါနေတဲ့ စစ်ကောင်စီအင်အားတွေကို အဆိုပါဒေသတွေဆီသို့ အင်အားဖြည့်ပို့ဆောင်နိုင်ချေရှိတယ်လို့လည်း အဆိုပါဒေသခံစစ်ရေးသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။

“ဒီတပ်တွေကို သူတို့ဘယ်ကိုပို့မလဲမသိဘူး၊ မိုးကောင်း၊မိုးညှင်းဘက်မှာလည်း အဲ့လောက်မဖြစ်ဘူး၊ ဖြစ်တာက လက်ရှိကတော့ ကချင်ပြည်မနယ်မှာဆိုရင်က၊ ဖားကန့်ရယ်၊ ဝိုင်းမော်ရယ်၊ ဗန်းမော်ရယ်မှာပဲ ဖြစ်နေတာ၊ ကျန်တဲ့နေရာတွေက အဲ့လောက်ဖြစ်နေတာတော့မဟုတ်ဘူး၊ ဒီတပ်တွေကို ဝိုင်းမော်ဘက်ခြမ်းပို့မလို့လားတော့မသိဘူး”

ဒါ့အပြင်ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲအချို့ရှိပေမဲ့ ဗန်းမော်၊ ဝိုင်းမော်ဒေသလောက်မပြင်းထန်တာကြောင့် ယခုကဲ့သို့ စစ်အင်အားတွေပြန်လည်ဆုတ်ခွါသွားတာမျိုးဖြစ်နိုင်ပြီး ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ ထိုးစစ်ဆင်နေတဲ့ ဆိပ်မူကျေးရွာအပါ အခြားတော်လှန်ရေးအင်အားစုတွေစိုးမိုးရာနေရာတွေကို တက်လက်ထိုးစစ်ဆင်ခြင်းပြုမပြုကို စောင့်ကြည့်ရမဲ့အနေအထားမျိုးရှိတယ်လို့လည်း သိရပါတယ်။

” ဒါမဲ့ဖားကန့်ဖြစ်နေတယ်ဆိုတာကလည်း ဖားကန့်ကလည်း မြို့သိမ်းတိုက်ပွဲလို ဖြစ်နေတာမဟုတ်ဘူးလေ၊ ထိတွေ့ပွဲတွေလောက်ပဲဖြစ်နေတာ၊ တော်လှန်ရေးဘက်က စစ်ကောင်စီကိုလိုက်တိုက်နေတာလည်းမဟုတ်ဘူး၊စစ်ကြောင်းထိုးတယ်ဆို အဲ့မှာခံစစ်ပြင်ပြီး ဝိုင်းတိုက်တယ်အဲ့လိုမျိုးပဲ၊ စစ်ကောင်စီက ပိတ်ထားရင်လည်း ပြန်လိုက်တိုက်တာမျိုးတွေ မရှိဘူး၊ ခံစစ်ပဲ KIAက ထိုးစစ်အနေနဲ့ အင်နဲ့အားနဲ့ တိုက်နေတာမဟုတ်ဘူး၊ တော်လှန်ရေးအုပ်စုတွေထိန်းချုပ်ထားတဲ့ ဆိပ်မူဘက်ခြမ်းဆိုရင်လည်း ဆက်မတိုးတော့ဘူးလားယူဆရတာပေါ့၊ ဘာလို့ သူတို့တပ်တွေ ပြန်ဆုတ်သွားတာဆိုတော့၊ ကျန်တာတော့ ပြောရနည်းနည်းခက်တယ်ဗျ”

စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့နယ်ကိုပြီးခဲ့တဲ့ဧပြီလနဲ့ မေလအတွင်းက တပ်မ(၃၃)အဓိကပါဝင်တဲ့ အင်အားအများအပြားဖြင့်ထိုးစစ်ဆင်ခဲ့သလို ရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်စာရင်းထဲမှာလည်း ထည့်သွင်းခဲ့တာကိုတွေ့ရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာခဲ့တဲ့ ဧပြီလနဲ့မေလတို့မှစပြီးစပြီး ယနေ့အချိန်ထိ စစ်တပ်ရဲ့လက်နက်ကြီး၊လက်နက်ငယ်၊လေကြောင်းတို့ကြောင့် ပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post