မကွေးတိုင်း၊ အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာ တပ်ဆင်ထားတဲ့ P-18 Early Warning Radar ကို အခုနှစ် ၂၀၂၅၊ ဖေဖော်ဝါရီလ ဝန်းကျင်အတွင်းမှာ စစ်ကောင်စီတပ်က ပြန်လည်ဖြုတ်သိမ်းကာ ရွှေ့ပြောင်းထားခဲ့တယ်လို့ မြန်မာ့စစ်ဖက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
P-18 Early Warning Radar ဟာ ကြိုတင်သတိပေးရေဒါစနစ်ဖြစ်ပြီး အကွာအဝေး ကီလိုမီတာ (၂၅၀) ထိကို စောင့်ကြည့်ထောက်လှမ်းနိုင်သလို ဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှုတွေကိုလည်းစောင့်ကြည့်ထောက်လှမ်းနိုင်ဖို့အတွက် တပ်ဆင်ထားတာလည်း ဖြစ်ပါတယ်။
နတ်ရေကန်စခန်းကုန်းဟာ တောင်ထိပ်ဒေသ စိုထိုင်းစ မြင့်မားတာကြောင့် ရေဒါအားပျက်စီးမှုက ကာကွယ်နိုင်ဖို့အတွက် ကမ္ဘာလုံးပုံစံမြူကာစနစ်(Fiberglass Radome)နဲ့ ထားရှိထားတာဖြစ်တယ်လို့ MDSI က ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်ကာ အာရက္ခတပ်တော်(AA) ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့နဲ့ အမ်းမြို့ရှိ နပခ ဌာနချုပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့အတွက် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ခြေလျင်ဗျူဟာကုန်းအဖြစ် တမခ – ၉၉ နဲ့ စကခ – ၁၇ တပ်ရင်းတွေကို ပြောင်းရွှေ့ကာ အင်အားဖြည့်တပ်စွဲထားတာလည်း ဖြစ်ပါတယ်။
ရခိုင်အစပ်နဲ့ မကွေးတိုင်းအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းမှာ တစ်ခုတည်းကျန်ရှိတော့တဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး ဗျူဟာကုန်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် လက်ကျန်စခန်းအနည်းငယ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။