ရှမ်းမြောက်ရှိ သီပေါမြို့တွင်းကိုလည်း မနေ့ညနေမှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေ
မန္တလေးနဲ့ မိုးကုတ်မြို့သွားရာလမ်းပေါ်ရှိ ဖော့တောလမ်းဆုံကို စစ်ကောင်စီဘက်ကရရှိပြီးတဲ့နောက် အဆိုပါလမ်းပိုင်းနေရာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုလည်း များနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေဖြင့် ဖော့တောလမ်းဆုံကိုရရှိဖို့အတွက် လနဲ့ချီကာ ပြင်ဆင်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့အောက်တိုဘာလ (၁၄)ရက်နေ့မှစကာ ဖော့တောလမ်းဆုံကို ပြန်လည်ရရှိသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖော့တော လမ်းဆုံဟာ မိုးကုတ်မြို့နဲ့ မိုင်း(၅၀)ခန့်သာကွာဝေးပြီး မန္တလေး၊ စဥ့်ကူး၊မိုးကုတ်၊ သပိတ်ကျင်း၊ထီးချိုင့်၊ဗန်းမော်တို့ကိုသွားရာ အချက်အခြာနေရာဖြစ်တယ်လို့သိရပြီး စဥ့်ကူး၊သပိတ်ကျင်းတို့မှ မိုးကုတ်ကိုလာမယ်ဆိုရင်လည်း မဖြစ်မနေဖြတ်သန်းရတဲ့လမ်းဆုံဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ယခုအခါအဆိုပါဖော့တောလမ်းဆုံကိုရရှိပြီးတဲ့နောက် ဆက်လက်ပြီး မိုးကုတ်မြို့ကိုစစ်ကြောင်းထိုးနေဖို့လုပ်ဆောင်နေသလို တော်လှန်ရေးအင်အားစုတွေဘက်မှလည်း ဖော့တောလမ်းဆုံကို ပြန်လည်ရရှိဖို့အတွက် ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။
“ဟုတ်တယ်၊ဖော့တောကို စစ်တပ်ကရပြီဆိုတာဟုတ်ပါတယ်၊ ကျွန်တော်တို့ဒီဘက်ကလည်း ပြန်ရဖို့ထိုးနေတာကြောင့် တိုက်ပွဲလည်းပြင်းထန်နေပါတယ်၊ ဖော့တောလမ်းဆုံကိုပိတ်ပြီး မိုးကုတ်ကို စစ်ကြောင်းတွေထိုးမယ်ဆိုတဲ့သတင်းကလည်း မှန်ပါတယ်၊ ကျွန်တော်တို့လည်း အဲ့သတင်းကိုရပါတယ်”
ဒါ့အပြင် ဖော့တောလမ်းဆုံမှတဆင့် မိုးကုတ်ကိုတိုးဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးအင်အားစုတွေကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွါးလျက်ရှိတယ်လို့သိရပါတယ်။
အဆိုပါဖော့တောလမ်းဆုံတိုက်ပွဲအတွင်း TNLAတပ်ဖွဲ့တွေအပါ၊ မိုးကုတ်ဗျူဟာ၊ မန္တလေးPDF၊ ပြင်ဦးလွင်ခရိုင်မှ တပ်ရင်းတွေနဲ့အညာမှအခြားတော်လှန်ရေးတပ်ဖွဲ့များစွာ ဝင်ရောက်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်စဥ်တွေအတွင်း စစ်ကောင်စီဘက်မှတော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေများပြားသလို တော်လှန်ရေးအင်အားစုဘက်မှလည်း စစ်ကောင်စီဒရုန်းကြောင့် အထိနာမှုတွေရှိတယ်လို့နောက်ထပ်မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။
“ပြင်းထန်တယ်ဆရာ၊ နှစ်ဖက်အကျအဆုံးများတယ်ပြောလို့ရတယ်ခင်ဗျာ၊ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်လည်းအကျအဆုံးများတယ်ဆရာ၊ ဒရုန်းထိတာများတယ်ခင်ဗျာ၊ မိုးကုတ်ဗျူဟာအပြင် ပြင်ဦးလွင်ခရိုင်ရင်းတွေရော အခြားအဖွဲ့တွေရောပါတယ်ခင်ဗျာ”
ဒါ့အပြင်ဖော့တောနဲ့တစ်ပြိုင်နက် ရှမ်းမြောက်ကသီပေါတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်မှအသာရရှိပြီးတဲ့နောက် စစ်ကောင်စီစစ်ကြောင်းတွေ သီပေါမြို့တွင်းကို မနေ့ညမှစတင်ကာ ဝင်
ရောက်သွားနိုင်ခဲ့တယ်လို့လည်း အဆိုပါစစ်ရေးသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။
“သီပေါမြို့လည်း ပါသွားပါပြီခင်ဗျာ၊ မနေ့ည၇နာရီကျော်မှာပဲ ပါသွားတာပါခင်ဗျာ”
စစ်ကောင်စီအနေဖြင့် ၂၀၂၅ခုနှစ်အစောပိုင်းမှစတင်ကာ ခံစစ်အနေအထားမှ ထိုးစစ်သဏ္ဍန်ပြောင်းလဲလာခဲ့ပြီးနောက် ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊သီပေါတို့သာမက မန္တလေးတိုင်းတွင်းရှိ သပိတ်ကျင်းနဲ့စစ်ရေးအရအရေးပါတဲ့ ဖော့တောလမ်းဆုံတို့ကိုပါ ပြန်လည် သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။