Sunday, December 21, 2025
Home » လေးကေ့ကော်ရှိ စွယ်တော်ကုန်းကို ရရှိဖို့ စကစမှလက်နက်ကြီး၊ဒရုန်းအများအပြားသုံးပြီးနေ့စဥ်တိုက်ခိုက်နေ

လေးကေ့ကော်ရှိ စွယ်တော်ကုန်းကို ရရှိဖို့ စကစမှလက်နက်ကြီး၊ဒရုန်းအများအပြားသုံးပြီးနေ့စဥ်တိုက်ခိုက်နေ

0 11
11

🟥 မင်းလက်ပံနဲ့ဖလူးကျေးရွာတို့ကိုလည်း စစ်ကြောင်းသီးသန့်ထိုးနေပြီး နေ့စဥ် ဒရုန်းဖြင့်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းကို ရရှိဖို့အတွက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဒရုန်းများ အမြောက်များအသုံးပြုပြီး နေ့စဥ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အာရှလမ်းမမှတဆင့် သင်္ကန်းညီနောင်မြို့နဲ့ မြဝတီမြို့တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလအစောပိုင်းမှစတင်ပြီး BGF ရဲ့လမ်းပြကူညီမှုဖြင့် အဆိုပါမြို့(၂)မြို့ကို ပြန်လည်ရရှိပြီးတဲ့နောက် တော်လှန်ရေးအင်အားစုတွေရှိရာ လေးကေ့ကော်မြို့ကို ထပ်မံထိုးစစ်ဆင်လာခဲ့တယ်လို့ သိရပါတယ်။

လေးကေ့ကော်မြို့ကို ထိုးစစ်ဆင်ရာမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးမှုတွေရှိခဲ့ပြီး မြဝတီမြို့တွင်းရှိ BGFစခန်း၊ ခလရ(၂၇၅)တပ်ရင်း၊ လက်ခတ်တောင်တို့မှ လက်နက်ကြီးပစ်ကူးအမြောက်အများပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် လေးကေ့ကော်မြို့ရှိ ရေကန်ကုန်းနဲ့ ဆေးပေးခန်းတွေအပါ မြို့ရဲ့နေရာအတော်များများကို စစ်တပ်ဘက်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အခုနောက်ဆုံး လေးကေ့ကော်အနီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးရာ စွယ်တော်ကုန်းကို ရရှိဖို့အတွက် လက်နက်ကြီး၊ဒရုန်းအမြောက်အများအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။

” အခုက ဒီကောင်တွေ(စကစ) စွယ်တော်ကုန်းကိုရဖို့အတင်းလာတိုးနေတယ်၊ မနက်(၄)နာရီလောက်ကတည်းက ဟိုနားကတိုးလိုက်၊ ဒီနားကတိုးလိုက်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ တစ်ချက်မှမနားရသေးဘူး၊ ခုနောက်ပိုင်းက တိုက်ပွဲပုံစံကပြောင်းသွားပြီ၊ အရင်၂၀၂၁လောက်တုန်းကလို လက်နက်ငယ်တွေနဲ့ မြေပြင်မှာသိပ်မဖြစ်တော့ဘူး၊ ဒရုန်း၊လက်နက်ကြီးပဲ အဓိကသုံးတော့တာ”

အဆိုပါစွယ်တော်ကုန်းဟာ လက်ရှိစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်ထားနိုင်နေတဲ့ လေးကေ့ကော်မြို့သစ်ကိုသာမက အနီးအနားမှာရှိတဲ့ ကျေးရွာတွေကိုပါ လက်နက်ကြီးဖြင့် စိုးမိုးထားနိုင်တာကြောင့် စစ်တပ်အနေဖြင့် အသည်းအသန် တိုက်ယူနေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်မှ တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်ထိတွေ့မှုတွေ သိပ်မလုပ်တော့ဘဲ လက်နက်အသာစီးဖြင့်သာ စစ်ကြောင်းတိုးနိုင်ဖို့ ဆောင်ရွက်နေပြီး မြေပြင်ထိတွေ့မှုတွေမှာလည်း လက်နက်ငယ်တွေထက် ပွိုင့်၅လို့လက်နက်မျိုးဖြင့် ပစ်တာတွေကို ပိုမိုပြုလုပ်လာတယ်လို့လည်း သိရပါတယ်။

ဒါတင်မက စစ်တပ်အနေနဲ့ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်းနားက လက်လွှတ်ထားရတဲ့ မင်းလက်ပံရွာနဲ့ဖလူးလေးရွာတို့ကိုလည်းဦးတည်ပြီး စစ်ကြောင်းနောက်ထပ်တစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာတွေကို ဦးတည်ထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ဖြန့်ခွဲပိတ်ဆို့နေပြီး နေ့စဥ်

တိုက်ပွဲပြင်းထန်နေတယ်လို့လည်း အဆိုပါရဲဘော်မှ ဆက်ပြောပါတယ်။

“ဒီဘက်မှာ ပင်မစစ်ကြောင်းဆိုရင် (၂)ကြောင်းလို့ပြောလို့ရမယ် လေးကေ့ကော်ကိုထိုးတဲ့စစ်ကြောင်းရယ်၊ မင်းလက်ပံ ဖလူးကို ထိုးတဲ့စစ်ကြောင်းရယ်ပေါ့၊ အဲ့ကတဆင့် ပြန်ဖြန့်ခွဲတဲ့ စစ်ကြောင်းတွေကတော့ အများကြီးပဲ၊ ကျွန်တော်တို့ဘက်ကလည်း ဖြန့်ခွဲပြီးထိုးလာသမျှစစ်ကြောင်းတွေကို ကာနေပါတယ်”

စစ်ကောင်စီရဲ့အဆိုပါထိုးစစ်ဆင်မှုတွေကြောင့် မင်းလက်ပံနဲ့ဖလူးကျေးရွာတို့မှ ဒေသခံပြည်သူအချို့ စစ်ဘေးရှောင်နေရပြီး လက်နက်ကြီး၊ဒရုန်းပစ်ခတ်မှုတွေကြောင့် နေအိမ်အချို့ထိခိုက်ပျက်ဆီးတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post