တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် အလှည့်ပြန်လာမယ်လို့ TNLA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားလိုက်ပါတယ်။
“မနက်၊ နေ့ခင်း၊ ညနေ၊ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက်လက်ခုပ်တီးသူ အားလုံးကို ထုံးသေချာတို့မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” လို့ ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ဖေ့စ်ဘွတ်ခ်မှာ ရေးသားအသိပေးထားတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက အောက်တိုဘာလအတွင်းမှာ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇၊ ၁၈၊ ၁၉ ရက်တွေမှာလည်း နမ့်ဆန်မြို့ကို စစ်ကောင်စီက ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့ မြို့နယ်တွေကိုလည်း အောက်တိုဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းမှာလည်း ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်၊ အဆောက်အဦနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“မိုးကုတ်အနောက်ပိုင်းကောပါ၊ ဒီနေ့လေယာဉ် အရမ်းဝဲနေတာ၊ နေရာစုံပတ်ရမ်းကြဲနေတာဗျ” လို့ မိုးကုတ်မြို့နယ် ဒေသခံတစ်ဦးကလည်း ယမန်နေ့က BBM ကိုပြောပါတယ်။
မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးကုတ်နဲ့ မိုးမိတ် မြို့နယ်တွေကို စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ ရက်အထိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ခဲ့တာကြောင့် သံဃာတော် ၂ ပါး၊ ကလေးငယ် ၈ ဦး၊ အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၁၂ ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေကို လူအင်အားတွေ၊ လက်နက်ကြီး၊ ဒရုန်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေအပေါ် နေ့စဉ်ရက်ဆက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတယ်လို့ TNLA က အသိပေးထားတာ ဖြစ်ပါတယ်။
ပုံ-PSLF/TNLA