Sunday, December 21, 2025
Home » နတ်ရေကန်ဗျူဟာကုန်းကနေ ပဒါန်းတပ်နယ်အတွင်းကို ဆုတ်ခွာလာကြတဲ့ စစ်ကောင်စီတပ်သားတွေကို AA နဲ့ ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းနေ

နတ်ရေကန်ဗျူဟာကုန်းကနေ ပဒါန်းတပ်နယ်အတွင်းကို ဆုတ်ခွာလာကြတဲ့ စစ်ကောင်စီတပ်သားတွေကို AA နဲ့ ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းနေ

0 8
8

မကွေးတိုင်း၊ အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းရဲ့ လက်ကျန်စခန်းတွေကနေ ပဒါန်းတပ်နယ်အတွင်းကို ဆုတ်ခွာလာကြတဲ့ စစ်ကောင်စီတပ်သားတွေကို AA နဲ့ ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့တိုက်ခိုက်မှုကြားကနေ တစ်ချို့တဝက်ကိုခန့်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေသေးတဲ့ စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းစခန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းဖြစ်တဲ့ ခမောက်တောင်စခန်းတစ်ခုသာ ကျန်ရှိနေတော့တာဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်တွေကလည်း အဲဒီစခန်းကုန်းကို သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်အရှိန်မြင့်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်သားတွေဟာလည်း အဆိုပါစခန်းကနေ ပဒါန်းတပ်နယ်အတွင်းကို ကစဥ့်ကလျားထွက်ပြေးနေကြတာ ဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကို ပြောပါတယ်။

“နတ်ရေကန်ဗျူဟာကုန်းမှာတော့ ခမောက်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့တာပါ။ အဲဒီစခန်းလည်း ဘယ်နေ့ဘယ်အချိန်မှာ ကျမလဲတော့မပြောတတ်ဘူး။ တော်လှန်ရေးတပ်တွေကလည်း အဲဒီစခန်းကို အနီးကပ်စောင့်ကြည့် တိုက်ခိုက်နေကြတာပါ။ ပြီးတော့ စစ်ကောင်စီတပ်သားတွေဟာလည်း အဲဒီစခန်းကနေ ပဒါန်းတပ်နယ်က တပ်ရင်းတွေကို ဆုတ်ခွာလာမှုတွေရှိနေတော့ AA နဲ့ ပူးပေါင်းတပ်တွေက လိုက်လံရှင်းနေတာပါ” လို့ အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းအနီးတဝိုက်ကို လေကြောင်းကနေ နေ့စဥ်ရက်ဆက် ဗုံးကြဲချတိုက်ခိုက်မှုတွေ၊ ဒရုန်းတွေကိုအသုံးပြုကာ ကင်းထောက်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းစခန်းကို တစ်ချို့တစ်ဝက်သိမ်းပိုက်ပြီးနောက် ကပစ ၁၄ စက်ရုံနဲ့ ၆ မိုင်အကွာ အမ်း – ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝစစ်ဆေးရေးဂိတ်နဲ့ သာယာကုန်းကျေးရွာအနီးအနားမှာ စစ်ကောင်စီတပ်က ကာကင်းစခန်းတွေအများအပြား တိုးချဲ့ဆောက်လုပ်နေတယ်လို့လည်း သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းမှာ ကျန်ရှိခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီ အမ်း – ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝစစ်ဆေးရေးဂိတ်နဲ့ သာယာကုန်းကျေးရွာက ကာကင်းစခန်းတွေကို ထွက်ပြေးလာကြတာကြောင့် AA နဲ့ ပူပေါင်းတပ်တွေက ဖိုက်တာကုန်းနဲ့ ဂုတ်ကြီးကျေးရွာဖက်တွေက ပိတ်ဆို့ဖြတ်တောက်ကာ လိုက်လံရှင်းလင်းနေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“နတ်ရေကန်ကုန်းမှာ (ပစ) တွေ အများအပြားရှိတာပါ။ သူတို့က စစ်မတိုက်ချင်တဲ့အတွက် ထွက်ပြေးကြတာပိုများပါတယ်။ ပြီးတော့ စစ်ကောင်စီဟာ လေကြောင်းကို အသုံးပြုပြီးတော့လည်း အကြီးပိုင်းတွေကို လက်ကျန်စခန်းကနေ ပဒါန်းတပ်နယ်ရှိ တပ်ရင်းတွေကို ပို့နေတာရှိတယ်လို့ သိရပါတယ်။ အကြီးပိုင်းတွေကိုကျ ကယ်ထုတ်သွားခဲ့ပြီး အငယ်ပိုင်းတွေကိုကျတော့ ထားခဲ့တာလည်းဖြစ်ပါတယ်” လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်တစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မကွေးတိုင်းအတွင်းက အမ်း – ပဒါန်းလမ်းပိုင်းမှာတော့ နတ်ရေကန်ဗျူဟာကုန်း စခန်းတစ်ခုသာကျန်ရှိတော့တာဖြစ်ပြီး ပဒါန်းတပ်နယ််မှာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတို့ ရှိနေတာလည်း ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲအတွင်းမှာ ကစဉ့်ကလျားထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ကိုလည်း AA က လက်ရဖမ်းဆီးမှုတွေ ရှိနေသလို အလံဖြူထောင် အလင်းဝင်ရောက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့လည်း အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပဒါန်းတပ်နယ်အတွင်းရှိ တပ်ရင်းတွေအနီးမှာလည်း ကပစ ၁၄ စက်ရုံတည်ရှိနေတာဖြစ်ပြီး လက်ရှိ AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ရောက်နေတဲ့ ဂုတ်ကြီးကျေးရွာနဲ့ဆိုပါက ၇ မိုင် ခန့်သာကွာဝေးတော့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်တပ်စီရဲ့ ကပစ ၁၄ စက်ရုံဟာ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းမှာ တည်ရှိနေတာဖြစ်ပြီး စစ်လက်နက်ပစ္စည်းထုတ်ဖို့အတွက် အဓိက ဂက်စ်ဖြည့်ပေးရတဲ့ စက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစ စက်ရုံ ၁၅ ရုံ ရှိနေတာဖြစ်ပြီး အထက်မင်းလှမြို့နယ်မှာ ကပစ ၂ ၊ ၁၀ နဲ့ ၁၃ ၊ ဆင်ပေါင်ဝဲ မြို့နယ်မှာ ကပစ ၈ ၊ သရက်မြို့နယ်မှာ ကပစ ၁၂ ၊ ပွင့်ဖြူမြို့နယ်မှာ ကပစ ၁၄ ၊ အောင်လံမြို့နယ်မှာ ကပစ ၁၅ နဲ့ ၁၇၊ တောင်တွင်းကြီးမြို့နယ်မှာ ကပစ ၁၈ ၊ စေတုတ္တရာမြို့နယ်မှာ ကပစ ၂၀ ၊ ဆိတ်ဖြူမြို့နယ်မှာ ကပစ ၂၁ နဲ့ ၂၂ ၊ ကျောမြို့နယ်မှာ ကပစ ၂၃ ၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ ၊ လောင်းရှည်မြို့နယ်မှာ ကပစ ၂၅ စက်ရုံတို့ ရှိနေကြတာလည်း ဖြစ်ပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post