အလောင်းများတစ်စစီဖြစ်ပွါးတာမို့ မိသားစုကိုပင် ဓာတ်ပုံမပြဘဲ ချက်ချင်းသင်္ဂြိုလ်
အာရက္ခတပ်တော် AAကိုတိုက်ခိုက်ရန်အတွက် ကျောက်ဖြူမြို့ပေါ်မှ စစ်ကောင်စီတွေအနေနဲ့ ဒရုန်းဗုံးသီးများကို ကားပေါ်မှအတင်အချပြုလုပ်ကာပြင်ဆင်နေစဥ် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှတပ်ကြပ်ကြီး(၂)ဦးအပါစစ်သည်(၅)ဦး ပွဲချင်းပြီးသေဆုံးကာ အမြောက်အများထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၁၇ရက်နေ့က ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အာရက္ခတပ်တော် AAနဲ့ ဖြစ်ပွါးနေနဲ့ တိုက်ပွဲတွေအတွင်း အသုံးပြုဖို့အတွက် ဒရုန်းဗုံးသီးအချို့ကို လက်နက်ခဲယမ်းသိုလှောင်ရေးမှတဆင့် ရှေ့တန်းတွေဆီကို ပို့ဆောင်ဖို့အတွက် ထောက်ပို့ကားတွေနဲ့အတူ ဗုံးသီးအတင်အချတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဗုံးသီးတွေကို ကားပေါ်ကိုတင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက်(၂၀)ခန့်ဖြင့် လုပ်ဆောင်နေစဥ် ၎င်းတို့အဖွဲ့ထဲမှ စစ်ကောင်စီတပ်သားတစ်ဦးရဲ့လက်ထဲမှ ဗုံးသီးလွတ်ကျခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှု ဖြစ်စဥ်အတွင်း အနီးအနားမှာရှိတဲ့ ဒရော့ဗုံးသီးတွေပါ ဆက်လက်ထိခိုက်ပေါက်ကွဲခဲ့တာကြောင့် အနီးအနားမှာရှိနေတဲ့ စစ်ကောင်စီတပ်သား(၅)ဦးပွဲချင်းပြီးသေဆုံးခဲ့ရသလို အမြောက်အများ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဖြစ်စဥ်က ၁၇ရက်နေ့ကဖြစ်တာပါ ခါတိုင်းလို ဗုံးသီးပို့ဖို့ လုပ်အားပေးထုတ်တော့ ခုသေတဲ့သူတွေအပါ အယောက်(၂၀)နီးပါးလောက်ကို လုပ်အားပေးထုတ်တယ်၊ အဲ့မှာ သူတိူ့လက်ထဲက ဗုံးသီးက လွတ်ကျပြီးကွဲတော့ အနီးဆုံး(၅)ယောက်ကတော့ ပွဲချင်းပြီးသေတာပဲ ကျန်တဲ့သူတွေလည်း ဒဏ်ရာရတာတွေရှိတယ်”ဟု ကျောက်ဖြူတပ်တွင်းသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။
အဆိုပါဖြစ်စဥ်အတွင်းသေဆုံးခဲ့ရတဲ့ စစ်ကောင်စီတပ်သား(၅)ဦးအနက် (၂)ဦးမှာ တပ်ကြပ်ကြီး ဟမ်းထက်သူရနဲ့ တပ်ကြပ်ကြီး ရဝေထက်တို့ဖြစ်ပြီး ကျန်(၃)ဦးကိုတော့ အတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
“သေတာ(၅)ယောက် အဲ့ထဲက (၂)ယောက်ကိုတော့ အတည်ပြုလို့ရပါတယ်၊ တပ်ကြပ်ကြီး ဟမ်းထက်သူရနဲ့ တပ်ကြပ်ကြီးရဝေထက်တို့ပါ၊ ဟိုပုံးဆင်းတပ်ကြပ်ကြီးတွေ အသက်ငယ်ငယ်လေးပဲရှိသေးတယ်”
ဒါ့အပြင် ပေါက်ကွဲမှုဖြစ်စဥ်အတွင်းသေဆုံးခဲ့ရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေဟာ ဒရုန်းဗုံးသီးရဲ့ယမ်းအားအရှိန်ကြောင့် တစ်စစီစုတ်ပျက်သွားခဲ့ရတာမို့ မိသားစုကိုအကြောင်းကြားပြီး နောက်နေ့ချက်ချင်းသင်္ဂြိုလ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါတင်မက အဆိုပါရုပ်အလောင်းတွေနဲ့ပတ်သတ်ပြီး မိသားစုကိုလည်း ဓာတ်ပုံတွေပင်ပေးပို့ခြင်းမရှိတဲ့အပြင် စစ်ဆင်ရေးအခြေအနေဖြစ်တာမို့ သတင်းမပေါက်ကြားရေးအတွက် အထူးတားမြစ်ပိတ်ပင်ခဲ့တယ်လို့လည်း သိရပါတယ်။
“ရုပ်အလောင်းတွေကတော့ ဒရုန်းဗုံးသီးအနီးကပ်ကွဲတာဆိုတော့ စုတ်ပြတ်သွားတာပဲ၊ တချို့ဆို တစ်စစီပဲ၊ အဲ့တာမိသားစုကိုတော့ အကြောင်းကြားပြီး နောက်နေ့ချက်ချင်း တပ်ကသင်္ဂြိုလ်လိုက်တယ်၊ ဒီကိစ္စ လိုင်းပေါ်မပျံ့ဖို့အတွက်လည်း တပ်က မိသားစုကိုကော ကျန်သူတွေကိုကော သတိပေးထားတယ်ဗျ”
ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီနဲ့အာရက္ခတပ်တော်AAတို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေတာ လအနည်းငယ်ကြာမြင့်လာနေပြီဖြစ်ပြီး အာရက္ခတပ်တော်ဘက်မှ စကစရဲ့ အမှတ်(၃၂)ရဲတပ်ရင်း ကာကင်းစခန်းအများစုကို သိမ်းပိုက်ထားနိုင်သလို တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်အဆင့်တွေအပါ စစ်သည်အမြောက်အများကို သုတ်သင်ရှင်းလင်းမှုတွေပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။
Photo-ပထမပုံ တပ်ကြပ်ကြီးဟမ်းထက်သူရ၊ ဒုတိယပုံ တပ်ကြပ်ကြီး ရဝေထက်(တပ်တွင်းသတင်းရင်းမြစ်)