Sunday, December 21, 2025
Home » မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရ

မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရ

0 7
7

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းမှာ မူဆလင်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ခြုံခိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီးတော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်မှာ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာက ကိုထွန်းဝင်း (၃၀)နှစ်ဟာ ခရီးသည်တင်ကားနဲ့ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာက ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူပြီး ခရီးသည် (၅) ဦးကို တင်ဆောင်ကာ ကျောက်ပန္ဒူရွာဘက်ကို ထွက်ခွာလာခဲ့ပါတယ်။

အဆိုပါ ခရီးသည်တင်ကားဟာ မောင်တောမြို့နယ်၊ မြိုယုရွာရဲ့ အရှေ့ဖက် တံတားအနီးအရောက်မှာ မူဆလင်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ခြုံခိုတိုက်ခိုက်တာကိုခံခဲ့ရပြီး ကားပေါ်မှာပါလာတဲ့ ခရီးသည်(၅) ဦးနဲ့ ကားမောင်းသမားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးစတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကိုလည်း အကုန်လုံးကို ယူဆောင်သွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မနေ့က နေလယ် ၁ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာက စျေးပြုပြီးပြန်လာတဲ့ ကျောက်ပန္ဒူဒေသခံ ၅ ဦးကို ARSA က ကြားဖြတ်တိုက်ခိုက်တော့ ၂ ဦး သေဆုံးသွားတာပါ။ ဒီဖက်မှာတော့ ဒေသခံတွေ တော်တော်လေး စိုးရိမ်မှုမြင့်တက်နေပါတယ်။ အရင်က အဲဒီလမ်းပိုင်းတွေဟာ ပုံမှန်သွားလာနေကျ လမ်းကြောင်းတွေ ဖြစ်ပါတယ် ” လို့ မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက BBM ကို ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ပြီး မူဆလင်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေကို လိုက်လံရှာဖွေခဲ့ရာမှာတော့ အဆိုပါအခင်းဖြစ်ပွားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ခရီးသည် ၅ ဦးထဲက မဝေဝေစိုး (၃၀) နှစ်နဲ့ ဒေါ်နိုင်နိုင်ဆွေ (၄၀) တို့ နှစ်ဦးတို့မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပြီး သေဆုံးသွားကြတယ်လို့လည်း သိရပါတယ်။

သေဆုံးသွားတဲ့ မဝေဝေစိုး (၃၀) နှစ်ရဲ့ သမီးငယ်ဖြစ်သူ မခိုင်မြတ်မွန် (၃) နှစ်ကိုလည်း မိခင်ဖြစ်တဲ့သူရဲ့ အလောင်းဘေးမှာ အသက်ရှင်လျက်တွေ့ရှိခဲ့ရတယ်လို့လည်း အာရက္ခတပ်တော် AA က ဆိုထားပါတယ်။

ပြီးနောက် ARSA အဖွဲ့ရဲ့ တိုက်ခိုက်ခံရမှု အန္တရာယ်ကထွက်ပြေးလွတ်မြောက်လာတဲ့ ကားမောင်းသူ ကိုထွန်းဝင်း (၃၀) နှစ်နဲ့ ခရီးသည် မောင်သန်းထွီး (၂၅) နှစ်တို့မှာလည်း ဒဏ်ရာများစွာနဲ့ ထပ်မံတွေ့ရှိခဲ့တယ်လို့လည်း AA က ဆိုပါတယ်။

အဆိုပါ အကြမ်းဖက်မှုတွေ ကျူလွန်းခဲ့ကြတဲ့ မူဆလင်လက်နက်ကိုင် ARSA အဖွဲ့တွေကို အာရက္ခတပ်တော် AA ကလည်း လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

မောင်တောမြို့မြောက်ပိုင်းနယ်စပ်ဒေသမှာ အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ရဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ရှိလာနေတာကြောင့် အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းလျှက်ရှိရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေမှာလည်း တောက်လျှောက်ရှိနေတယ်လို့ မောင်တောဒေသခံတွေဆီက သိရှိရပါတယ်။

လက်ရှိမှာတော့ မူဆလင်လက်နက်ကိုင် အဖွဲ့တွေဟာ မောင်တောမြို့ မြောက်ပိုင်းသာမက မောင်တောမြို့တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်စပ်အထိကိုပါ ရောက်ရှိလာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာမှာ သတိရှိစွာသွားလာကြဖို့ လိုအပ်တယ်လို့လည်း မောင်တောဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာအထွက် မီတာ ၈၀၀ ခန့်အကွာအဝေးလောက်မှာ ARSA မူဆလင်လက်နက်ကိုင်အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ထပ်မံသေဆုံးသွားတယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

ARSA အဖွဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့သူမှာ မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ရွာက ကိုကျော်စိုးဝင်း(၂၅နှစ်) ဖြစ် ပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာလည်း မောင်တောမြို့မြောက်ပိုင်း၊ လိပ်ရခွဆုံရဲ့တောင်ဘက် မီတာ (၂၀၀) အကွာအဝေးမှာ မူဆလင်လက်နက်ကိုင်အဖွဲ့ (၁၀) ဦးခန့်ဟာ မောင်တောမြို့နယ်က ဒေသခံဆိုင်ကယ်ကယ်ရီသမား (၃) ဦးကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး တစ်ဦးမှာထိမှန်ခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၅ ရက်နေ့မှာလည်း မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ကနေ စျေးပြုပြီးပြန်လာတဲ့ အောင်သာယာကျေးရွာသား ၃ ဦးကို လိပ်ရခွဆုံနဲ့ သာယာကုန်းကျေးရွာအကြားကို ရောက်တဲ့အခါမှာတော့ ARSA အဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒေသခံကုန်သည် ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

ARSA ၊ RSO ၊ ARA ၊ RIM မူဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ မောင်တောမြို့မြောက်ပိုင်းက နတ်မြစ်ဝတစ်လျှောက်နဲ့ ဝေလာတောင်တန်းတစ်လျှောက်မှာ လှုပ်ရှားမှုတွေရှိနေကြပြီး အရပ်သားပြည်သူတွေကို ခြုံခိုတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို နေ့စဥ်နဲ့အမျှ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

မူဆလင်လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီတပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB အရာရှိတစ်ချို့က လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ AA က ထုတ်ပြန်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာလည်း မူဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ARSA၊ RSO အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အဲဒီအဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ BGB အရာရှိတချို့ကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့ အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ အာရက္ခတပ်တော် AA က တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့လည်း အဆိုပါမူဆလင်လက်နက်ကိုင်အဖွဲ့တွေကို အရေးယူထိန်း ကျောင်းမှုမရှိဘဲ အရင်တိုင်းဆက်လက်လွှတ်ပေးထားမယ်ဆိုပါက နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနဲ့ နှစ်ဖက်ယုံကြည်မှုတွေကို ဆိုးဝါးစွာထိခိုက်လာနိုင်တယ်လို့ AA က ထပ်မံပြောဆိုထားပါတယ်။

ပုံ-ARSAလက်နက်ကိုင်များ(ပုံဟောင်း)

#BBM#News#ARSA#AA#Rakhine#AA

Leave a Comment

Latest Post

Latest Post