စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကူညီတဲ့အပြင် ဒေသခံပြည်သူတွေကို အနိုင်ကျင့်တာတွေ၊ အမျိုးသမီးတွေကို အတင်းအဓမ္မမုဒိန်းကျင့်တာတွေပြုလုပ်ခဲ့တဲ့ လောင်းလုံမြို့ ပျူစောထီးခေါင်းဆောင်ကို အရှင်ဝင်ဖမ်းခဲ့တယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ထံမှသိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ရက် နေ့လယ် ၁၁နာရီလောက်မှာ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာအခြေစိုက် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပျူစောထီးခေါင်းဆောင်သာလောင်းလုံမြို့နယ်အတွင်း စစ်ကောင်စီ ရေကြောင်း၊ကုန်းကြောင်း စိုးမိုးနိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင် ပါဝင်နေတဲ့အပြင် ပြည်သူပိုင်နေအိမ်တွေကို မီးရှို့၊ ပြည်သူတွေကို သတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေသာမက၊ ဓားပြတိုက်၊ ဆက်ကြေးတောင်းတာတွေအထိ ပြုလုပ်ခဲ့တာကြောင့် ယခုကဲ့သို့ဖမ်းဆီးရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ဒီလူက ကျူးလွန်တာတွေများနေတော့ ကျွန်တော်တို့အတိုချုပ်ထုတ်ပြန်ထားသလိုပါပဲ၊ မကောင်းတာမှန်သမျှလုပ်တယ်၊ ဒါကြောင့်ဝင်ဖမ်းတာပေါ့ ၊ ဖမ်းတော့လည်း သူ့အိမ်က ကားလမ်းဘေးဆိုတော့ အထူးဂရုစိုက်ရပါတယ်၊ လျှပ်တပြတ် ဝင်ဖမ်းလိုက်တာဆိုတော့ သူ ခုခံချိန်တော့မရလိုက်ပါဘူး”ဟု ဖက်ဒရယ်ဓူဝံကြယ်မှ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။
လက်ရှိအချိန်မှာ အဆိုပါပျူစောထီးခေါင်းဆောင်ကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖက်ဒရယ်ဓူဝံကြယ်အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
Photo-ဖက်ဒရယ်ဓူဝံကြယ်