Sunday, December 21, 2025
Home » ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်အတွင်းမှာ တိုင်းမှူး၊ ဒကစမှူးနဲ့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ၃၀ နီးပါးကို ရာထူးတိုးနဲ့ နေရာအပြောင်းအလဲတွေ ပြုလုပ်

ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်အတွင်းမှာ တိုင်းမှူး၊ ဒကစမှူးနဲ့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ၃၀ နီးပါးကို ရာထူးတိုးနဲ့ နေရာအပြောင်းအလဲတွေ ပြုလုပ်

0 10
10

အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ် အတွင်းမှာ တိုင်းမှူး၊ ဒကစမှူးနဲ့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ၃၀ နီးပါးကို ရာထူးတိုးနဲ့ နေရာအပြောင်းအလဲတွေ ပြုလုပ်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သူတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပခါအနီးမှာ စစ်ကောင်စီဟာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးတွေကို စစ်တိုင်းမှူး အဖြစ် ရာထူးအပြောင်းအလဲပြုလုပ်ပြီး တပ်မမှူးမဖြစ်သေးတဲ့ သူတွေကိုလည်း တပ်မမှူးဖြစ်လာအောင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတုတ္ထမျိုးဆက်ကို ချပြနေတာဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်မှာနေရာချတာပါပဲ။ ဒီလူတွေလည်း အပြီးသတ်နေရာချတာတော့ မဟုတ်သေးဘူးဗျ။ နောက်ထပ်လည်း ရာထူးအပြောင်းအလဲ ပြုလုပ်လာဖို့ ရှိပါတယ်။ လက်ရှိ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးတွေ ဖြစ်နေတဲ့သူတွေက စစ်တိုင်းမှူးတွေ ဖြစ်သွားမယ်ပေါ့။ တပ်မမှူး မဖြစ်သေးတဲ့သူတွေကလည်း တပ်မမှူးတွေဖြစ်လာမယ်။ ဒါက စစ်ခေခါင်းဆောင်ရဲ့ စတုတ္ထမျိုးဆက် အမှန်ကိုချပြတာနေတာ ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က BBM ကို ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် (DSA 40) ကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့လိုက်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်မှူး ဗိုလ်မှူးကြီး သူရဗျားလေး (DSA 42) ကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး အဖြစ်ရာထူးတိုးပြောင်း ရွှေ့ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်ဇော်ဦးကို ရာထူးက ဖယ်ရှား ဖမ်းဆီးလိုက်ပြီးတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်မှူးချုပ် ကျော်နိုင်ဦး (DSA 40) ကို ရာထူးတိုးခန့်အပ်လိုက်ပြီး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးမှာ အရင်က မကွေးအခြေစိုက် တပ်မ ၈၈ တပ်မှူးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အင်းတိုင်အခြေစိုက် တပ်မ ၁၁ ရဲ့ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မြင့်ဟိဏ်းကို တပ်မ ၈၈ မကွေးရဲ့ တပ်မမှူးအဖြစ် လည်းကောင်း၊ မော်လိုက် အခြေစိုက်အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဌေးကို တမာတောရှိ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းကို မော်လိုက်အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ ဌာနမှူးအဖြစ်လည်းကောင်း၊ အင်းမအခြေစိုက် တပ်မ ၆၆ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်စိုးလင်းကို တပ်မတော် သူနာပြုနဲ့ ဆေးဖက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း ပြောင်းရွှေ့ခန့် အပ်လိုက်တယ်လို့လည်း သိရပါတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကာလအတွင်း သူယုံကြည်ရတဲ့သူတွေကို ရာထူးတွေ အပြောင်းအလဲလုပ်နေတာပါ။ နောက်ထပ်ရွေးကောက်ပွဲ ပြီးတဲ့ကာလမှာလည်း အခုစစ်တက္ကသိုလ် ကျောင်းအုပ်ကြီးတွေ ဖြစ်နေကြတဲ့သူတွေဟာ တိုင်းမှူးတွေ ဆက်ပြီးတော့ ဖြစ်လာမဲ့ အနေအထားမျိုးပါဗျ။ စစ်ခေါင်းဆောင်က လူစပြီးတော့ ရွေးချယ်တာပေါ့။ ဒါက နောက်ဆုံးရွေးချယ်ထားတဲ့ သူတွေပေါ့။ နောက်ဆုံးရွေးချယ်ထားတဲ့သူတွေအထဲမှာလည်း အပြစ်ရှိတဲ့သူ၊ ကြည့်မရတဲ့သူ၊ သူစိတ်တိုင်းမကျတဲ့သူတွေကို ဖြုချအုန်းမှာဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကောင်းဇော်မြင့်ကို တပ်မ ၆၆ တပ်မမှူးအဖြစ် လည်းကောင်း၊ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇေယျာလင်းကိုလည်း ဗထူးတပ်မတော်ကြည်း တိုက်ခိုက်ရေးသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ စစ်ရာထူးခန့်ချုပ်ရုံးက ဗိုလ်မှူးချုပ် ရဲခေါင်ကိုလည်း အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ ဌာနချုပ်မှူးအဖြစ်လည်း ကောင်း ပြောင်းရွှေ့အပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က စကခမှူး ဗိုလ်မှူးချုပ် မင်းသီဟကို ဗထူးတပ်မတော် ဗိုလ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ ပဲခူးအခြေစိုက် တပ်မ ၇၇ ရဲ့ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ရဲဝင်းအောင်ကိုလည်း အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ စကခမှူးအဖြစ်လည်းကောင်း၊ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ဒကစမှူး ဗိုလ်မှူးချုပ် နေမျိုးအောင်ကိုလည်း တပ်မတော် အုပ်ချုပ်ရေးမှုကျောင်း ပြင်ဦးလွင်ရဲ့ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်က ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်ထိုက်လတ်ကို စစ်တွေအခြေစိုက် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်ရဲ့ ဒကစမှူးအဖြစ်လည်းကောင်း အသီးသီးပြောင်းရွှေ့ခန့်အပ်လိုက် တာလည်း ဖြစ်ပါတယ်။

နောက်ထပ်လည်း အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က စကခမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းကို မှော်ဘီ ဗိုလ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ တပ်မ ၅၅ က ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မျိုးမြင့်ဦးကိုလည်း အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ရဲ့ စကခမှူးအဖြစ်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နည်းပြချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇေဝင်းကို ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ တပ်မမှူးအဖြစ်လည်းကောင်း ပြောင်းလဲလိုက်ခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။

စစ်ဦးစီးတက္ကသိုလ်က ဗိုလ်မှူးချုပ် ကျော်ထင်ငြိမ်းကို အမှတ် ၃ တပ်မဟာ မိုးကောင်းရဲ့ တပ်မမှူးအဖြစ် လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်က ဗိုလ်မှူးကြီး နေမျိုးကိုလည်း အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဒုတိယတိုင်းမှူးအဖြစ်လည်းကောင်း၊ မိုင်းတုံအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်ထင်ကိုလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းစစ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ဘောလခဲအခြေစိုက် စစ်ဗျူဟာ အခြေချစခန်းက ဗျူဟာမှူး ဗိုလ်မှူးချုပ် အောင်ဇော်လွင်ကို အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းစစ်ဦးစီးချုပ်အဖြစ်လည်းကောင်း အသီးသီးပြောင်းရွှေ့ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူယုံကြည်စိတ်ချရတဲ့ ဗိုလ်ချုပ်တွေကို ရာထူးတိုးပေးပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီး ကစထ ၂ မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး (DSA – 35)နဲ့ ကစထ ၃ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော် (ဗသက ၇၃) ကိုလည်း ရာထူးကနေ ဖြုတ်ချကာ အရန်အင်အားကို ပြောင်းရွှေ့လိုက်တာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post