Sunday, December 21, 2025
Home » ရန်ကုန်အရှေ့ဒဂုံမှ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို ညနေအချိန်လူလေးဦးက အတင်းအဓမ္မပေါ်တာဆွဲပြီး ကားပေါ်ခေါ်သွား

ရန်ကုန်အရှေ့ဒဂုံမှ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို ညနေအချိန်လူလေးဦးက အတင်းအဓမ္မပေါ်တာဆွဲပြီး ကားပေါ်ခေါ်သွား

0 8
8

🟥နောက်ထပ်လူငယ်တစ်ဦးကိုလည်း လမ်းမှာထပ်မံပေါ်တာဆွဲကားပေါ်တင်စဥ် နှစ်ယောက်ပေါင်းခုခံပြီး ထွက်ပြေးလွတ်မြောက်ခဲ့

ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို ညနေအချိန် လူလေးဦးကကားဖြင့် အတင်းအဓမ္မပေါ်တာဆွဲခေါ်ဆောင်သွားပြီး အဆိုပါကုမ္ပဏီဝန်ထမ်းမှာ ကားပေါ်မှပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ၂၄ရက် (သောကြာနေ့) ညနေအချိန်မှာ ကုမ္ပဏီဝန်ထမ်းဖြစ်သူ ကိုထွေး(အမည်လွှဲ)ဟာ ၎င်းရဲ့တူဖြစ်သူနဲ့အတူ အရှေ့တိဂုံမြို့နယ်အတွင်း စျေးထွက်ဝယ်စဥ် ရပ်ကွက်အတွင်း လူပြတ်တဲ့နေရာအရောက် ကားတစ်စီးက ရှေ့မှပိတ်ရပ်ကာ မေးမြန်းရန်ရှိတာမို့ ကားပေါ်တက်ရန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကိုထွေးနဲ့အတူပါလာတဲ့ တူဖြစ်သူကိုအိမ်ပြန် ရန်အဆိုပါလူလေးဦးကစေလွှတ်ခဲ့ပြီး ကိုထွေးကိုလည်း ဘာမှမကြောက်ရန် ၊ စစ်မေးစရာရှိလို့သာ အခုကဲ့သို့ခေါ်ဆောင်ရခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ကားပေါ်မှာ ကိုထွေးရဲ့အသက်၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးအခြေအနေတွေကိုမေးမြန်းတာတွေပြုလုပ်ခဲ့သလို ဖုန်းဖြင့်လည်း ၎င်းတို့ရဲ့အကြီးအကဲဖြစ်ဟန်တူသူကို လှမ်းဆက်ကာ သတင်းပို့တာတွေလုပ်ခဲ့တယ်လို့ ကိုထွေး(အမည်လွှဲ)နဲ့ နီးစပ်သူတစ်ဦးက BBM ကိုပြောပါတယ်။

“ရပ်ကွက်ထိပ်မှာတင် စျေးသွားဝယ်ရင်းဖမ်းခံလိုက်ရတာ၊ အဲ့တာကားပေါ်ရောက်တော့လည်း နာမည်တွေ အသက်တွေမေးပြီး ကိုထွေးကျ ၄၀နားကပ်ပြီဆိုတော့ သူတို့အရမ်းကြီးသဘောကျတဲ့ထဲတော့မပါဘူးထင်တယ်၊ အဲ့တာ သူတို့အထက်ကိုလည်း ဖုန်းနဲ့လှမ်းဆက်ပြီး သတင်းတွေဆက်တိုက်ပို့နေတယ်လို့ပြောတယ်”

ဒါ့အပြင် အဆိုပါလူလေးဦးဟာ ကားပေါ်မှာတင် နောက်ထပ်လူငယ်တစ်ယောက်လောက်ကို ဖမ်းခေါ်ရန် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးပြီး လူပြတ်တဲ့နေရာတွေမှ လမ်းသွားလမ်းလာတွေကို လိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက် အလုပ်မှပြန်လာတဲ့ လူငယ်တစ်ဦးကိုလည်း ကိုထွေးကဲ့သို့ ကားဖြင့်ပိတ်ရပ်ကာ စစ်မေးရန်ရှိတယ်လို့ ပြောဆိုကာ ကားပေါ်အတင်းဆွဲခေါ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” ကိုထွေး(အမည်လွှဲ)ကျ သူတို့သဘောမကျတော့ နောက်ထပ်တစ်ယောက် ငယ်ငယ်ရွယ်ရွယ်ထဲက ထပ်ဖမ်းဖို့လုပ်မှာပေါ့၊ အဲ့တာအလုပ်ကပြန်လာတဲ့ လူငယ်တစ်ယောက်ကို ကားပေါ်အတင်းအကြပ်ဆွဲခေါ်ပြီး ကိုထွေးတုန်းကလိုပဲ ဖမ်းတယ်ပြောတယ်”

ထိုစဥ်ကိုထွေးမှ ကားပေါ်ကနေ အဆိုပါလူလေးဦးကို တွန်းချကာ ကိုထွေးနဲ့ အဆိုပါလူငယ်တို့ပူးပေါင်းပြီး ခုခံပြီးနောက် ထွက်ပြေးကာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့လိုဖမ်းတဲ့ချိန်ရှုပ်ယှက်ခက်နေတော့ ကိုထွေးလည်း ကားပေါ်ကနေအတင်းတွန်းချ၊ ပြီးတော့ ဟိုလူငယ်ကိုဝိုင်းကူထိုးကြိတ်ပြီး သူတို့(၂)ယောက်လုံးထွက်ပြေးခဲ့တယ်၊ လွတ်တာတော့ (၂)ယောက်လုံး လွတ်လာပါတယ်”ဟု ကိုထွေးနဲ့ နီးစပ်သူမှဆက်ပြောပါတယ်။

အဆိုပါဖြစ်စဥ်အတွင်း ၎င်းတို့ကိုဖမ်းဆီးပေါ်တာဆွဲတဲ့သူတွေဟာ ယူနီဖောင်းအတိအကျဝတ်ဆင်ထားတာမရှိတာမို့ စစ်တပ်ဘက်ကဟု တရားသေပြောလို့မရပေမဲ့လည်း စစ်တပ်အသိုင်းအဝိုင်းဒါမှမဟုတ် စစ်တပ်လက်အောက်ခံရဲ၊ ပျူစောထီးတို့ပြုလုပ်တာဖြစ်နိုင်တယ်လို့လည်း ပြောဆိုပါတယ်။

ရန်ကုန်အတွင်း အရှေ့ဒဂုံဘက်သာမက အခြားမြို့နယ်တွေမှာလည်း မကြာခဏလူပျောက်တာနဲ့ ပေါ်တာဆွဲခံရတာတွေရှိတာမို့ ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာရာမှာ အထူးဂရုစိုက်သွားလာနေရတယ်လို့ BBMမှစုံစမ်းသိရှိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post