အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် စစ်ကောင်စီဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆)မှာ အင်အားတွေပြန်လည်စုဖွဲ့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိ ကပစ ၁၆ စက်ရုံအနီးဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ငြိမ်သက်နေတာကြောင့် စစ်ကောင်စီတပ်က အင်းအားတွေပြန်လည်စုဖွဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာဖြစ်သလို ကပစ ၁၆ စက်ရုံမှ စက်ပစ္စည်းတစ်ချို့ကိုလည်း ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကပစ ၁၆ စက်ရုံရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ပွိုင့် (၆၆၆) စခန်းကုန်းကို သိမ်းပိုက်ခံရပြီးနောက် မသုန်ချောင်းရဲ့ တစ်ဖက်ခြမ်းရှိ မြောက်ဘက်ကုန်းကျေးရွာအနီးမှာလည်း လက်နက်ကြီးစခန်းတွေ ပြုလုပ်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
အဆိုပါ မသုန်ချောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်သံတွေ ကြားနေရပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ Y-12 လေယာဥ်တွေနဲ့ ကင်းထောက်ကာ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ရခိုင်ရိုးမတောင်တန်းတစ်လျှောက်မှာ တိုက်ပွဲတွေဖော်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရခိုင်ရိုးမအောက်ကိုဆင်းလာကာ စစ်ကောင်စီရဲ့ ကပစ ၆ နဲ့ ကပစ ၁၆ စက်ရုံတို့ကို ဖိအားပေးတိုက်ခိုက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
“ကပစ ၆ နဲ့ ၁၆ ဖက်မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပါသေးတယ်၊ ရိုးပေါ်တိုက်ပွဲ ညောင်ကျိုးဖက်မှာ မဟုတ်တော့ပဲ ကပစ ၆ နဲ့ ၁၆ စက်ရုံရှိတဲ့ ရိုးအောက်ဖက်ကို ဆင်းလာပါတယ်၊ စပ်တပ်ကလည်း ကပစ ၁၆ ကနေပြန်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် စုဖွဲ့မှုတွေ ပြန်ပြီးတော့ ပြုလုပ်နေတာရှိပါတယ်၊ ပွိုင့် ၆၆၆ နဲ့ ကပစ ၁၆ ကြားထဲက မသုန်ကြားထဲမှာတော့ ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ရှိလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်၊ လက်ရှိမှာ တိုက်ပွဲဖြစ်တာတွေတော့ မရှိသေးပါဘူး၊ နှစ်ဖက်အခြေအနေ ကြည့်နေကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က BBM ကို ပြောပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကပစ ၁၆ စက်ရုံဟာ ထိုးစစ်အမြန်ရောက်ဖို့ နီးကပ်တာကြောင့် စစ်ကောင်စီတပ်ကလည်း အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကပစ ၁၆ စက်ရုံကို စစ်ကောင်စီတပ်က ကားကြီးတွေနဲ့ စစ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်တင်းထားတယ်လို့လည်း AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ကပစ ၁၆ စက်ရုံရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ မသုန်ကျေးရွာအနီးက ကာကင်းစခန်းတစ်ခုကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်မှာ ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်းရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မသုန်ကျေးရွာဟာ ကပစ ၁၆ စက်ရုံနဲ့ ၄ မိုင်ခန့်သာ ကွာဝေးတော့တာကြောင့် စစ်ကောင်စီတပ်က မသုန်ကျေးရွာအနီးအနားနေရာတွေမှာ ကာကင်းစခန်းတွေ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
“မသုန်ကျေးရွာအနီးက ကာကင်းစခန်းတွေ တစ်ချို့ကို AA က သိမ်းပိုက်ရရှိထားတာ ရှိပါတယ်၊ အဲဒီတော့ စစ်ကောင်စီဟာ မသုန်ကျေးရွာနဲ့ အနီးအနားတွေမှာ ကာကင်းစခန်းတွေ ဆောက်လုပ်နေတယ်လို့ ကြားရပါတယ်၊ ကပစ ၁၆ စက်ရုံအနီးအနားက ဒေသခံတွေကိုလည်း အပြင်ထွက်ခွင့်မပေးပဲ ပိတ်လှောင်ထားပါတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ကပစ ၁၆ စက်ရုံအနီးမှာတော့ မသုန်၊ ကျားခြေရာ၊ ဖလုံ၊ ကျောက်ဇကွဲ၊ တောင်မောက်၊ ကမြိုင် စတဲ့ကျေးရွာတွေ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာတော့ ကပစ ၅၊ ၆၊ ၉ နဲ့ ၁၆ စက်ရုံတို့ တည်ရှိနေတာဖြစ်ပြီး ကပစ ၁၆ စက်ရုံဟာ ထိုးစစ်အမြန်ရောက်ဖို့ နီးကပ်တာကြောင့် AA နဲ့ ပူးပေါင်းတပ်တွေဟာ ကပစ ၆ စက်ရုံအနီးကို စစ်ကြောင်းတစ်ကြောင်းနဲ့ ကပစ ၁၆ စက်ရုံအနီးကို စစ်ကြောင်းတစ်ကြောင်း စစ်မျက်နှာ ၂ ခု ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။