စစ်ကောင်စီဘက်မှ သေဆုံးမှုတွေရှိပြီး လက်နက် ၄ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တဲ့ ၂ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးအရှင်ဖမ်းမိပြီး လက်နက် ၄ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ CDF – Asho က ဒီနေ့ ထုတ်ပြန်ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူလာရောက်တဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို စက်တင်ဘာလဆန်းမှစတင်ကာ အခြားတော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူပေါင်းပြီး ကြားဖြတ်တိုက်ခိုက်တာအပြင် ခုခံစစ်၊ ထိုးစစ်တွေနဲ့ တိုက်ခိုက်လျက်ရှိတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုက ဆိုပါတယ်။
စက်တင်ဘာလနဲ့ အောက်တိုဘာလ၊ ၂ လတာတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့ မတရားပေါ်တာဆွဲ စုဆောင်းခြင်းခံရတဲ့ စစ်ကောင်စီတပ်သား ၂၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး နတ်ရေကန်လမ်းဟောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂ လတာ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုတွေရှိသလို ဖမ်းဆီးချိန်မှာလည်း အသာတကြည် အဖမ်းမခံတာကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“ဖမ်းဆီးပြီးမှ ကျန်းမာရေးကြောင့် သေဆုံးတာ မရှိပါ၊ အသာတကြည်ဖမ်းမခံတာကို ပစ်ခတ်ဖမ်းဆီးရချိန်မှာ ၂ ဦးသေဆုံးတာတော့ ရှိဖူးပါတယ်” လို့ CDF – Asho ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုးချင်းက BBM ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း နတ်ရေကန် ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူတွေ အဆက်မပြတ်ပေးနေတာကြောင့် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းစစ်ဆင်တိုက်ပွဲတွေမှာ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လအတွင်း CDF – Asho မှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရသလို ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦးနဲ့ အခြားထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းရှိ လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ ထိတွေတိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ အလံဖြူထောင်လက်နက်ချသူတွေရှိသလို လက်ရဖမ်းမိသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ထားပါတယ်။