တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင်းရှိ ကြံ့ခိုင်ရေးပါတီရုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် မီးလောင်ပျက်ဆီးသွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေကလည်း မြို့တွင်းမှာ အစစ်အဆေးတင်းကြပ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
နိုဝင်ဘာလ ၈ ရက် (ဒီနေ့)မနက်အစော ၈ နာရီခွဲခန့် မြို့တွင်းမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးထံမှ ပေါက်ကွဲသံအကျယ်ကြီးကြားရပြီးနောက် မီးများစွဲလောင်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးသိပ်မကြာခင်မှာ စစ်ကောင်စီတပ်သားတွေက အဆိုပါကြံ့ခိုင်ရေးရုံးကို ရောက်ရှိလာခဲ့ပေမဲ့ ပေါက်ကွဲမှုဖြစ်ရာရုံးတစ်ခုလည်း မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
“တနင်္သာရီတိုင်းလောင်းလုံးမြို့တွင်းရှိ ကြံ့ဖွဲ့ပါတီရုံး နိုဝင်ဘာလ၈ရက်နေ့ မနက်၈-၃၀မှာဖေါက်ခွဲခံရပီး မီးလောင်သွားပါတယ်၊ ဝမ်းသာလိုက်တာဗျာ၊ အိမ်ကနေပေါက်ကွဲသံကြားတော့မြို့တွင်းကကြံ့ဖွံ့ရုံးဖြစ်နေတာပဲခင်ဗျား ခွေးတွေ(စစ်သား)ရောက်နေတော့အပြင်မထွက်ကြဘူး” လို့ လောင်းလုံးမြို့နေ ပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။
ဒါ့အပြင်ပေါက်ကွဲမှုဖြစ်ပွားရာ ကြံ့ခိုင်ရေးရုံးနဲ့အနီးပတ်ဝန်းကျင်ကိုလည်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားတွေက အင်အားတိုးချပြီး မသင်္ကာသူတွေကို မေးမြန်းတာတွေ မှတ်တမ်းတင်ဓာတ်ပုံရိုက်တာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ဒီလိုပေါက်ကွဲမှုတွေဖြစ်ပွားရင် မသက်ဆိုင်တဲ့ ဒေသခံပြည်သူတွေကိုပါ ဖမ်းဆီးညှင်းပန်းတာတွေပြုလုပ်လေ့ရှိတာမို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် မြို့နေပြည်သူအများစုမှာ အပြင်မထွက်ဘဲ သတင်းကိုသာနားစွင့်နေရတယ်လို့ ဆိုပါတယ်။
“ခွေးတွေက(စစ်သား) မဲမဲမြင်ရင်လိုက်နေတော့ ကျွန်တော်ပြည်သူကတော့ ကြောက်နေကြတာပေါ့ခင်ဗျား၊ ခြေတွေလည်းရှုပ်နေတော့ အပြင်လဲထပ်မထွက်ရဲဘူး” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ လာမဲ့ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲပြုလုပ်ကျင်းပမယ်လို့ ကြေငြာထားပြီးတဲ့နောက် အမတ်စာရင်း တင်သွင်းခိုင်းတာတွေ၊ ကျင်းပမဲ့မြို့နယ်စာရင်းတွေကို ထုတ်ပြန်တာတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေကို ထုတ်ပြန်ကြေငြာတာတွေ ပြုလုပ်နေတာကိုတွေ့ရပါတယ်။
Photo-ဒေသခံ