Sunday, December 21, 2025
Home » ရေနံ့သာရဲကင်းစခန်းနဲ့ သရက်မြို့ကထွက်လာတဲ့ စကစစစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စကစ ၁၆ ဦးသေဆုံး

ရေနံ့သာရဲကင်းစခန်းနဲ့ သရက်မြို့ကထွက်လာတဲ့ စကစစစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စကစ ၁၆ ဦးသေဆုံး

0 5
5

မကွေးတိုင်း၊ ကံမမြို့နယ်၊ ရေနံ့သာရဲကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စုစုပေါင်း ၁၆ ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တာ၀န်ခံက ကိုမြတ်က BBM ကိုပြောပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲအတွက်နယ်မြေချဲ့လာတဲ့ သရက်မြို့မှ အင်အား (၃၀)ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ရေနံ့သာရဲကင်းစခန်းမှ ထွက်လာတဲ့ အင်အား (၄၀)ပါ ပူးပေါင်းစစ်ကြောင်းဟာ သရက်-ကံမ လမ်းပိုင်းအတိုင်း နှစ်ဘက်ညှပ် စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၉ နာရီ၀န်းကျင်မှာ ကံမရေနံသာစခန်းမှ ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို ကံမမြို့နယ် နတ်မီးတောက်ကျေးရွာအနီးမှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ မိုင်းကွင်းထဲဝင်လာတဲ့ ၆ ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ရေနံ့သာဘက်ကလာတဲ့ အင်အား ၄၀ ပါစစ်ကြောင်းပေါ့၊ အဲ့ကနေ ရှေ့ပွိုင့်ထွက်လာတဲ့ စခတွေဒီမိုင်းကွင်းထဲကို ၀င်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ ထွက်လာတဲ့ ၆ ကောင်လုံး အတုံးအရုံးပဲဗျ၊ နောက်ကကျန်တဲ့စခတွေကိုတော့ လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်”လို့ တာ၀န်ခံ ကိုမြတ်က ဆက်ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ကျန် အင်အား ၃၀ ခန့်နဲ့ သရက်-ကံမ လမ်းပိုင်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးလာပြီး ထန်းဖြူကျေရွာနဲ့ ရေတွင်းကြီးကျေးရွာမှ ဒေသခံပြည်သူ နေအိမ်တွေကို ဖောက်ထွင်းမွှေနှောက်ခိုးယူပြီး ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကောင်တွေထုံးစံအတိုင်းပေါ့၊ စစ်ကြောင်းထိုးလာရင် အနည်းဆုံးတော့ ခိုးတာပဲ၊ အခုလည်း မွှေသွားတယ်ကြားတယ်ဗျ”လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ သရက်မြို့နယ် စက်တောင်ကျေးရွာအနီးအရောက် နေ့လယ် ၁၂ နာရီမှာ ထပ်မံပြီး အနီးကပ် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

“အဲ့ဘက်ကျတော့ မိုင်းကွင်းမရှိဘူး၊ ဒီကောင်တွေ ထိုးလာတာကို ကြိုရထားတော့ အသင့်ကြိုစောင့်ပြီးတိုက်ခိုက်တာပေါ့၊ နာရီ၀က်လောက်ကြာတယ်ဗျ၊ အဲ့ဒီချိန်မှာ အနီးကပ်ဆိုတော့ ဒီကောင်တွေဘက်က အထိအခိုက်များသွားတယ်”လို့ ဆိုပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ သရက်မြို့မှ ထွက်လာတဲ့ စစ်ကြောင်းနဲ့ ပူပေါင်းမိပြီး သရက်မြို့နယ်၊ စက်တောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ လက်နက်ကြီးတပ်ဆင်ကာ တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို ရမ်းသမ်းပစ်ခတ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားနိုင်တာ ကြောင့် သရက်-ကံမလမ်းပိုင်းကို အသုံးပြုသွားလာကြမဲ့ ပြည်သူတွေအနေနဲ့ သတိပြုသွားလာကြပါဖို့ သရက်ခရိုင် တပ်ရင်း ၄ က အသိပေးထားပါတယ်။

Leave a Comment

Latest Post

Latest Post