ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးသွားတယ်လို့ TNLA က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာကို လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦး တို့မှာထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးမှာလည်း ဗုံးစတွေထိမှန်ကာ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာကို ပေါင် ၅၀၀ ဗုံး ၁ လုံး နဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံးတို့ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ နေအိမ်တစ်လုံးမှာလည်း ဗုံးစတွေထိမှန်ကာ ပျက်စီးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်ရေးသတိအမြဲရှိကြဖို့ လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တအာင်းတပ် TNLA က သတိပေး ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ဟာ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေက TNLA ဆုတ်ခွာပေးဖို့နဲ့ နှစ်ဖက်တပ်တွေ ထိုးစစ်ရောက်တဲ့နေရာမှာ ရပ်ဆိုင်းထားကြဖို့ စတဲ့အချက်အလက်တွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေအနီးမှာ စစ်ကောင်စီတပ်နဲ့ NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေကြပြီး စစ်ကောင်စီတပ်ကလည်း မိုးကုတ်၊ မိုးမိတ်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။