မွန်ပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီအချို့ ဖုန်းနဲ့ ဆက်သွယ်ပြီး ခြိမ်းခြောက်ခံနေရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာတွေဘက်ကို မဲဆွယ်စည်းရုံးခြင်းမလုပ်ရဲတာလို့ နိုင်ငံရေးပါတီတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နှစ်ပတ်ဝန်းကျင်အလိုသာ ရှိတော့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေက အတုံးအရုံးနဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်လာကြပါတယ်။
ဒါပေမဲ့ နိုင်ငံရေးပါတီတွေက မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးအပြည့်နဲ့ မဲဆွယ်စည်းရုံးနေပြီး ကျေးရွာနေရာအများစုမှာတော့ မဲဆွယ်စည်းရုံးတာမျိုး မလုပ်ရဲကြဘူးလို့ မွန်ပြည်နယ်အတွင်း ဝင်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေနဲ့ နီးစပ်သူအချို့က ပြောပါတယ်။
ဒါဟာ တော်လှန်ရေးအင်အားစုတွေက နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဖုန်းဆက်ပြီး ခြိမ်းခြောက်နေတဲ့အတွက် မသွားရဲတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဖုန်းဆက်ပြောတဲ့ လုပ်ရပ်တွေ မကြာမကြာ ကြုံတွေ့နေရလို့ ဆိုပြီး ရွာတွေဘက်ကို မထွက်ရဲကြတာတဲ့၊ ဘယ်သူ ဘယ်ဝါဆက်သလဲဆိုတာ မသိဘူး၊ သူတို့ပြောတာက ဒီဘက်တော်လှန်ရေးဘက်က ဆက်တာတဲ့” လို့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ နီးစပ်သူတဦးက BBM ကို ပြောပါတယ်။
ဒီလိုခြိမ်းခြောက်မှုကို ပြည်မကနေ လာပြိုင်ကြတဲ့ ပါတီတွေသာမက ပြည်နယ်အခြေစိုက်ပါတီကိုယ်စားလှယ်လောင်းအချို့ကလည်း ခြိမ်းခြောက်ခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်သလို ပါဝင်တဲ့သူတွေအားလုံးကိုလည်း ထိရောက်စွာ အရေးယူမယ်လို့ သက်ဆိုင်ရာအဖွဲ့အလိုက် အတိအလင်း အသိပေးကြေညာထားပါတယ်။
ဒါပေမဲ့ အခုလိုမျိုး နိုင်ငံရေးပါတီတွေထံ ဖုန်းနဲ့ ဆက်သွယ်ခြိမ်းခြောက်တဲ့လုပ်ရပ်မျိုးကို ဘယ်အင်အားစုကမှ လုပ်မှာမဟုတ်ဘူးလို့ မွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက တုံ့ပြန်ပါတယ်။
“ဒါက အမည်ဖျက်တာပဲ၊ ကျွန်တော်တို့က အစကတည်းက လက်မခံဘူး၊ ဖမ်းဆီးမယ်၊ မပတ်သက်ကြနဲ့ ပြောထားတယ်လေ၊ ဒီလို ဖုန်းဆက်ပြီး ပြောရအောင် အားနေတာမှ မဟုတ်တာ၊ အဲဒီလိုမျိုး ဖုန်းဆက်ပြီး ပြောတဲ့လုပ်ရပ်မျိုး ဘယ်သူမှမလုပ်ဘူး၊ ဒါသက်သက် ဂွင်ဆင်ပြီး အမည်ဖျက်တာပဲ” လို့ ပြောပါတယ်။
အခုတော့ နိုင်ငံရေးပါတီတွေဟာ မြို့ပေါ်ရပ်ကွက်နဲ့ စစ်တပ်ထိန်းချုပ်မှု အားကောင်းတဲ့ ကျေးရွာအနည်းငယ်မှာသာ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေပြီး အဲဒီလိုစည်းရုံးရေးလုပ်နိုင်ဖို့ စာဝတ်နေရေးခက်ခဲတဲ့ မိသားစုနဲ့ အရက်သမား၊ ဆေးသမားတွေကို နေ့စားခပေး ပါတီဝန်းရံခိုင်းပြီး မဲဆွယ်ခိုင်းနေတာပါ။
တဘက်မှာလည်း တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးမှုနဲ့ ထိန်းချုပ်ထားခြင်း မရှိတဲ့ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေဘက်ကို ဒီကနေ့အထိ နိုင်ငံရေးပါတီတွေက သွားရောက်မဲဆွယ်တာမျိုး မလုပ်ရဲကြဘူးလို့ ကျိုက်မရောမြို့ခံတဦးက ပြောပါတယ်။
“တချို့ရွာတွေဆို စစ်တပ်ဘက် ထိန်းချုပ်ထားတာပဲ၊ အဲဒီရွာတွေဆို တော်လှန်ရေးအဖွဲ့တွေလည်း မရှိဘူး၊ အလှမ်းဝေးလို့ သူတို့မသွားရဲဘူး၊ အဲဒီရွာတွေက မဲဆန္ဒနယ်ထဲမှာ ပါနေတာပဲ၊ ကြောက်တယ်လေ၊ သူတို့သွားလို့ရတဲ့နေရာမှာပဲ လုပ်နေကြတာ” လို့ ပြောပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလကို အောက်တိုဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ သတ်မှတ်ထားပြီး မွန်မှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအပါအဝင် နိုင်ငံရေးပါတီ ၉ ခုက ဝင်ပြိုင်မယ်လို့လည်း သိရပါတယ်။
Photo – နိုင်ငံရေးပါတီ
3 comments
Phlovecasino? Sounds promising! Gave it a whirl and the selection is great. The user interface is intuitive, even my grandma could figure it out. Check it out if you haven’t yet. phlovecasino
Yo, just checked out vvjlorg! Not gonna lie, things seem pretty solid. Layout’s clean, and it’s easy to navigate. Seems like a decent spot if you’re looking for something new. Check it out for yourself: vvjlorg
Logged into 888phllogin, and honestly, not bad! Quick and painless, no extra hoops to jump through. Check out 888phllogin if you trying to log in.