စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်တွေမြို့ရှိ စစ်ကောင်စီရဲ့ ပါဒလိတ်ကာကင်းစခန်း၊ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၀၈)တပ်ရင်းနဲ့ သက္ကယ်ပြင်ကျေးရွာရှိ ဒကစဌာနချုပ် (သို့) ယာယီအခြေစိုက်ထားတဲ့ အနောက်ပိုင်းတောင်စစ်ဌာနချုပ် (နပခ) ကနေ လက်နက်ကြီးတွေ အခုရက်ပိုင်းမှာ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေမှာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကနေ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေမှာ အိုင်ဒင်၊ ဘောင်ဒူလာ၊ ကျွဲထိုး၊ တန်းခိုး၊ ရေဖြူကန်နဲ့ ရေပေါက်ချောင်း ကျေးရွာတွေ ဖြစ်ကြတယ်လို့လည်း ပုဏ္ဏားကျွန်းဒေသခံတွေက BBM ကို ပြောပါတယ်။
“စစ်တွေကနေ လက်နက်ကြီးတွေ အရမ်းပစ်နေတာပါ၊ အခုရက်ပိုင်းမှာ ပိုပြီးတော့ ပစ်ခတ်သံတွေကို ကြားရပါတယ်၊ ညဘက်ရောက်ရင်ပစ်ပါတယ်၊ ညပြီးတော့ နံနက်စောစောအချိန်တွေဆိုရင်လည်း ပစ်ခတ်တာရှိပါတယ်၊ အဲဒီလို လက်နက်ကြီးတွေ ပစ်ခတ်နေတော့ ကျေးရွာတွေက ဒေသခံတွေဟာ အကုန်လုံးကို ရှောင်နေကြတာရှိပါတယ်၊ နောက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေဘက်ကို ရေကြောင်းကလည်း လက်နက်ကြီး ပစ်ခတ်နေတာရှိပါတယ်၊ ဆိုတော့ အဲဒီရွာတွေမှာ ဘယ်လိုမှနေထိုင်လို့ မရတော့ပါဘူး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက BBM ကို ပြောပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ ရသေ့တောင်မြို့နယ်မှ ဒေသခံတွေဟာလည်း ဆင်ပိုက်၊ သာစည်၊ ကုလားချောင်း၊ ညောင်ပင်ကြီး၊ ကြက်ရိုးဆိပ်၊ ရေပိုက်ဆုံနဲ့ ဖြူချောင်းစတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်၊ ည ၉ နာရီခန့်မှာလည်း စစ်ကောင်စီတပ်ဟာ ရသေ့တောင်မြို့နယ်မှ ရေပိုက်ဆုံကျေးရွာကို လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် လေကြောင်းကနေပါ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
“ရသေ့တောင်မြို့နယ်က ကျေးရွာတွေ အရင်တုန်းကလည်း တိမ်းရှောင်ကြတာရှိပါတယ်၊ အခုကရွာမှာ အစောင့်ကျန်ခဲ့တဲ့သူတွေ၊ အသက်ကြီးပိုင်းတွေက ထပ်မံတိမ်းရှောင်ကြတာပါ၊ ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း ရသေ့တောင်မြို့နယ်က ကျေးရွာတွေတစ်ချို့ကို လေယာဥ်နဲ့ ဗုံးကြဲတာရှိပါတယ်၊ ဒါကြောင့်မလိုပဲ ရွာမှာ ကျန်ခဲ့တဲ့သူတွေက အကုန်လုံးကို ရှောင်နေကြရတာပါ” လို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ် TNLA နဲ့ အပစ်ခတ်ရပ်စဲပြီးနောက် ရခိုင်ပြည်မှ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာ၊ ရေကြောင်းနဲ့ တပ်ရင်းအသီးသီးတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အဆက်မပြတ် ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေအပါအဝင် ဆေးရုံဝန်ထမ်း ၃၃ ဦးသေဆုံးခဲ့ရပြီး ၇၇ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ရခိုင်မှာ တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ၂ နှစ်တာ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၁၅၂ ဦး သေဆုံးခဲ့ရပြီး ၂၁၅၃ ဦးအထိ ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် မတရားသဖြင့် ဖမ်းဆီးခံခဲ့ရတဲ့သူ ၁၀၃၄ ဦးအထိ ရှိတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။