Saturday, December 20, 2025
Home » ခင်ဦးမြို့နယ်အတွင်း ၂ ရက်ဆက်တိုက် စကစဗုံးကြဲမှုကြောင့် ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြား

ခင်ဦးမြို့နယ်အတွင်း ၂ ရက်ဆက်တိုက် စကစဗုံးကြဲမှုကြောင့် ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြား

0 10
10

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအဆက်မပြတ်လာရောက်ကြဲချတိုက်ခိုက်နေပြီး၊ ၂ ရက်အတွင်းမှာ အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးသွားခဲ့ရသလို ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေလည်း များပြားနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကို အခုတစ်ပတ်တာကာလအတွင်းမှာ နေ့စဥ်နီးပါး လေကြောင်းကနေ အကြောင်းမဲ့သက်သက် လာရောက်ဗုံးကြဲချတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာတစ်စီး၊ ဂျိုင်ရိုကော်ပတာ (၃)စီးနဲ့အတူ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီဗုံးသီးတွေဟာ ဆီခြံပေါ်ကိုတည့်တည့်ကျရောက်ပြီး ပေါက်ကွဲမီးလောင်ခဲ့တာကြောင့် ရွှေဘို – မြစ်ကြီးနား လမ်းကြောအတွင်း ပိတ်မိနေတဲ့ ကားသမားတွေ၊ ၊ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ စျေးဆိုင်ရှင်တွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေ များပြားတယ်လို့လည်း သိရပါတယ်။

အလားတူ မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ် အရှေ့တောင်ဖက်ခြမ်း ဧရာဝတီ မြစ်ကူး ဆိပ်ကမ်းနှစ်ခုကို ဂျက်ဖိုက်တာ (၅)စီးနဲ့ အကြိမ်ရေ (၃၀)ထက်မနည်း လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ရှောင်လာကြတဲ့ မန္တလေး – စဉ်ကူးနယ်က ဒေသခံ (၇) ဦးခန့် သေဆုံးသွားခဲ့ရပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်ကို အခုရက်ပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ လိုအပ်တယ်လို့လည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးထားပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အရှေ့ဖက်ခြမ်းက ဆည်တောကျေးရွာထဲကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post