Sunday, December 21, 2025
Home » မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

0 9
9

စစ်ကောင်စီပြန်လည်၀င်ရောက်ထားတဲ့ မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ‌ဗျူဟာကုန်းအရှေ့ပိုင်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ဒီဇင်ဘာလ ၂၀ ရက်မှာ BBM ကိုပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ မိုးကုတ်မြို့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းအရှေ့နား တောင်ပေါ်ကို ဒရုန်းနဲ့ ၁၀ ထက်မနည်း ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဗျူဟာကုန်းအရှေ့နားတောင်ပေါ်ဗျ၊ ဒါနဲ့ဆို ဒရုန်းစစ်ဆင်ရေး ငါးကြိမ်မြောက်ရှိလာပြီဗျ”လို့ အဆိုပါ သတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

တရက်တည်းမှာပဲ ညနေ ၅ နာရီ ၂၅ မိနစ်မှာလည်း လဲလယ်ဦးရှိ အထက ၄ ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

“မနက်ကလက်နက်ကြီးသံကြားရတယ်ဗျ၊ အဖွဲ့တွေဘက်က လုပ်ဆောင်တာဗျ၊ ပစ်မှတ်လွဲသွားတာရယ်၊ တချို့အလုံးတွေကျ မကွဲသွားတာရယ်တွေရှိတော့ စခတွေဘက်ကတော့ အထိအခိုက်မရှိလောက်ဘူးဗျ”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေဟာ မိုးမိတ်ဘက်ထိရောက်ရှိလာနေပြီး ဒီဇင်ဘာလ ၁၂ ရက်မှာလည်း မိုးမိတ်မြို့၊ ဘောဒေကျေးရွာအနီးမှာ ဒရုန်းနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မိုးကုတ်လို အနေအထားပဲဖြစ်မယ်ဗျ၊ အတိမကျတော့ မသိရဘူးဗျ၊ တိုက်ပွဲဖြစ်တာပဲထင်တယ်ဗျ”လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

လက်ရှိ မိုးမိတ်မြို့မှာ KIA တပ်တွေလည်းရှိတာ‌ကြောင့် အခုလို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာဟာ စစ်ကောင်စီဘက်က လုပ်ဆောင်တာလားဆိုတာကို BBM အနေနဲ့ စုံစမ်းလျက်ရှိပါတယ်။

‌မိုးကုတ်မြို့ကို အညာက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေက စစ်ကောင်စီလက်ထဲ အလုံးစုံ မကျရောက်ရေးအတွက် အစွမ်းကုန်ခုခံတိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

လာမဲ့အပတ်မှာ ပြုလုပ်မဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မိုးကုတ်မြို့မှာ ကျင်းပနိုင်ဖို့ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောဆိုမှုတွေ ရှိနေပါတယ်။

Leave a Comment

Latest Post

Latest Post