တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေနဲ့ ကာကင်းစခန်းတွေကို အာရက္ခတပ်တော် AA က အခုရက်ပိုင်းအတွင်းမှာ ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်လာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်းမှာ စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်း၊ ဒရုန်းတွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA က ဆုတ်ခွာပေးလိုက်ရတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ AA ဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့နေရာတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို သာလွန်အင်အားတွေအသုံးပြုပြီး ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်လာနေတယ်လို့ ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
“ကျောက်ဖြူမှာ AA ကတော့ ထိုးစစ်အရှိန်မြှင့် လုပ်ဆောင်နေပါတယ်၊ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေကိုလည်း ကြားဖြတ်တိုက်ခိုက်တာရှိပါတယ်၊ နောက်သူတို့တပ်စွဲထားတဲ့ နေရာတွေ၊ ကာကင်းစခန်းတွေကိုလည်း AA က တိုက်ခိုက်နေတာရှိပါတယ်” လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ စစ်ကောင်စီက ထိန်းချုပ်ထားခဲ့တဲ့ ကျောက်ဖြူမြို့နယ်က သိုင်းချောင်း၊ ဇိုင်ချောင်းကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီကျေးရွာတွေမှာ တပ်စွဲနေရာယူထားကြတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း ထွက်ပြေးမှုတွေရှိနေကြတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA က ထိုးစစ်အရှိန်မြှင့်လာတာနဲ့အတူ စစ်ကောင်စီတပ်ကလည်း မြို့ပေါ်ရှိတပ်ရင်းတွေနဲ့ ဓညဝတီရေတပ်စခန်းကနေ အင်အားတွေအများအပြားကို လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာတွေသို့ ပို့ဆောင်နေကြတယ်လို့လည်း သိရပါတယ်။
အဆိုပါ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို AA က ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် လမ်းခုလတ်နေရာတွေမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးတာ၊ တပ်ပျက်ထွက်ပြေးသွားကြတာနဲ့ ရုပ်အလောင်းတွေကို မကောက်နိုင်ဘဲ ဒီအတိုင်း ထားရှိခဲ့တာတွေ ရှိတယ်လို့လည်း AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အခုရက်ပိုင်း စကစက ထိုးလာတဲ့ စစ်ကြောင်းတွေကို တပ်ရင်းအလိုက် AA က လိုက်လံချေမှုန်းတာရှိတယ်လို့ ကြားရပါတယ်၊ တစ်ချို့ စကစ စစ်ကြောင်းတွေဆိုရင် တပ်ရင်းအလိုက်ပျောက်သွားရှိပါတယ်၊ မြေပြင်မှာလည်း အကျအဆုံးတွေများတယ်လို့ ကြားရပါတယ်၊ AA က တိုက်ခိုက်လို့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုလည်း မကောက်နိုင်ဘဲ ဒီအတိုင်းထားခဲ့ကြတယ်လို့လည်း သိရပါတယ်” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သူတို့ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ ရွေးကောက်ပွဲပထမအပိုင်းကို ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး AA ကလည်း အဲဒီမြို့နယ်တွေထဲမှ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်ရှိ နေရာတွေကို စစ်ရေးအရ ခြိမ်းခြောက်တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့ပေါ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် မြို့ပေါ်ရှိ လုံခြုံရေးကိုလည်း အရင်ကထက် ၂ ဆခန့်တိုးမြှင့်ထားသလို AA ထိန်းချုပ်ထားတဲ့နေရာတွေကိုလည်း ပြန်လည်ရယူဖို့အတွက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။