ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ မွန်ပြည်နယ်မြောက်ပိုင်းကို စစ်အုပ်စု စစ်ကြောင်းထိုးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ တော်လှန်ရေးတပ်တွေထံကနေ သိရပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလောက်သာ လိုတော့တဲ့အချိန် အင်အားထောင်ချီအသုံးပြုထားတဲ့ စစ်တပ်ဟာ မော်လမြိုင်-ရေးလမ်းမကြီးတလျှောက်နဲ့ တော်လှန်ရေးတပ်တွေရှိနိုင်တဲ့ ကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာပါ။
ဒီလိုမျိုး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ကြားဖြတ် တိုက်ခိုက်တာတွေ ရှိနေပြီး တိုက်ခိုက်ခံရတဲ့အချိန်အတွင်း ခေတ္တပြန်ဆုတ်ပေမဲ့ အင်အားစုဖွဲ့ကာ စစ်ကြောင်းပြန်ထိုးတဲ့ပုံစံလုပ်နေတယ်လို့ မွန်ပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက BBM ကို ပြောပါတယ်။
“အတင်းကို ဝင်တဲ့သဘော ဒီဘက်က ပြောက်ကျားဆော့တယ်၊ ခြုံခိုတိုက်တယ်၊ ဒီကောင်တွေ အထိနာတော့ ချက်ချင်းပြန်ဆုတ်၊ မကြာဘူး၊ အတင်းပြန်ဝင်လာတယ်၊ တချို့ဝင်တဲ့စစ်ကြောင်းက ကျွန်တော်တို့နဲ့ ထိတွေ့မှု မရှိတာလဲ ရှိတယ်၊ တနေရာရောက်တယ်၊ စခန်းချတယ်ပြီးတော့ ပြန်ဆုတ်တယ်၊ ရွေးကောက်ပွဲနီးတော့ ပိုထိုးလာတယ်ပေါ့” လို့ ပြောပါတယ်။
ဒီလို စစ်ကြောင်းထိုးလာတဲ့ တပ်သားတွေထဲမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းသားတွေကို အဓိက အသုံးပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၁ ရက်မှာလည်း ရေးမြို့နယ်မြောက်ပိုင်းတနေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့(စစ်သား) ခဏခဏကို ဝင်လာတယ်၊ ရွာထဲမရောက်သေးဘူး၊ လက်နက်ကြီးအရင်ပစ်တာ ရှိတယ်၊ မနေ့ကဆိုလည်း ရေးမြောက်မှာ တိုက်ပွဲဖြစ်ကြတယ်၊ အခုက သတိထားသွားလာနေရတဲ့ အခြေအနေပါ” လို့ သံဖြူဇရပ်မြို့ခံတဦးက ပြောပါတယ်။
ဒီလိုမျိုး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်က ဥယျာဉ်ခြံမှာရှိတဲ့ အလုပ်သမားတွေအပြင် ဒေသခံတွေကို ဖမ်းဆီးမှုတွေရှိနေပြီး လူငယ်ဖြစ်ပါက ငွေညှစ်ခြိမ်းခြောက်ပြီး မပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းသင်တန်းကို ပို့ဆောင်တာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မြောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် NMSP-AD/RMA၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ KNU/KNLA တပ်တို့အပြင် ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေ စစ်ရေးလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။
Photo – MSRF ၊ PDF