Saturday, January 31, 2026
Home » TikTok က စစ်တပ်ဝါဒဖြန့် မြဝတီသတင်း MWD ကို ဖယ်ရှား

TikTok က စစ်တပ်ဝါဒဖြန့် မြဝတီသတင်း MWD ကို ဖယ်ရှား

0 24
24

နိုင်ငံတကာနည်းပညာကုမ္ပဏီတွေက စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့် အကောင့်တွေကို ဆက်တိုက်ဆိုသလို ဖယ်ရှားလျက်ရှိရာ TikTok ကလည်း စစ်ကောင်စီဝါဒဖြန့် MWD News (မြဝတီ သတင်း) စာမျက်နှာကို ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မြဝတီသတင်း MWD News စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီဖြစ်ပြီး စစ်တပ်ဝါဒမှိုင်းဖြန့်ယန္တရားအပေါ် ထင်ရှားတဲ့ အရေးယူမှုဖြစ်လာကြောင်း Justice For Myanmar က ဒီဇင်ဘာလ ၂၆ ရက်၊ ညပိုင်းမှာ ဖော်ပြထားတာပါ။

အဆိုပါ MWD မြဝတီသတင်းစာမျက်နှာဟာ စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

Justice For Myanmar ဟာ TikTok ထံ စစ်အုပ်စုအကောင့်တွေအတွက် ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေမှုတွေနဲ့ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် စာရေးသားပေးပို့ကာ မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် အခုလိုဖြုတ်ချလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Facebook ၊ YouTube ၊ MediaFire ၊ Twitch နဲ့ Kick တို့ကလည်း MRTV ၊ MITV အပါအဝင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းဖြန့် အကောင့် ၂၈ ခုကိုလည်း အရေးယူဖယ်ရှားပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

TikTok နဲ့ အခြားနည်းပညာကုမ္ပဏီအားလုံးအနေနဲ့ ကျန်ရှိနေသေးတဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ပလက်ဖောင်းတွေကို စစ်အုပ်စုက အသုံးပြုနေတာကို ပိတ်ပင်ဖို့ Justice For Myanmar က ဆက်လက်တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo – ပုံဟောင်း

Leave a Comment

Latest Post

Latest Post