ကချင်ပြည်နယ် ပူတာအိုမြို့ကိုပို့မဲ့ စစ်ကောင်စီရဲ့ လေယာဥ်ဆီနဲ့ဒီဇယ်ဆီတွေတင်ဆောင်လာတဲ့ ကား(၂)စီးကို မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆)ရက်နေ့က မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်နေရာရှိ ပူတာအို-PDFတွေ တာဝန်ကျနေတဲ့ ဂိတ်စခန်းတစ်ခုအနီး စစ်ကောင်စီအတွက် လေယာဥ်ဆီတွေနဲ့ ဒီဇယ်ဆီတွေ သယ်ဆောင်လာတဲ့ အရပ်သားကား(၂)စီးကို ပြည်သူတွေရဲ့သတင်းပေးချက်အရ တားဆီိးစစ်ဆေးနိုင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါအရပ်သားကားတွေကို စစ်ဆေးရာမှာ လေယာဥ်ဆီ တိုင်ကီ(၅၀)၊ဒီဇယ်ဆီ တိုင်ကီ (၇၀)နဲ့ စုစုပေါင်း တိုင်ကီ(၁၂၀)အထိပါရှိတယ်လို့ သိရပြီး အဆိုပါဆီတိုင်ကီတွေအားလုံးကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းဆည်းလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။
“မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပိုင်းမှာ ပြည်သူတွေသတင်းအတိအကျပေးလို့ စကစ ရဲ့ဆီသယ်ယာဥ်(၂)စီးကိုရရှိလိုက်တယ်ဗျ၊စုစုပေါင်း ဆီတိုင်ကီ၁၂၀ပါတယ်၊ လေယာဥ်ဆီ ၅၀နဲ့ ဒီဇယ်ဆီ ၇၀ “
အဆိုပါ ဆီတိုင်ကီတွေဟာ ပူတာအိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီဗျူဟာ ၄၆ ထံပို့ဆောင်ပေးရမဲ့ တိုင်ကီတွေဖြစ်ပြီး ပူတာအိုPDFအနေနဲ့ ယခုအကြိမ်အပါအဝင် (၂)ကြိမ်
အထိပင် စစ်ကောင်စီရဲ့ ဆီတင်ကားတွေကို ဖမ်းဆီးရမိတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
ပူတာအို-PDFအနေနဲ့ နွေဦးတော်လှန်ရေးစတင်ကတည်းက ယနေ့အချိန်ထိ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမြေပြင်စစ်ကြောင်းမှတဆင့် စစ်ကောင်စီကိုတိုက်ခိုက်နေသလို ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာလည်း စစ်ကောင်စီယာဥ်တန်းတွေကို မိုင်းခွဲတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။